ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးတံတားပေါ်တွင် စစ်ကော်မရှင်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့်စစ်ကားနှင့် အရပ်သားကားတစ်စီးတို့ တိုက်မိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။

 

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် နေ့လည် သုံးနာရီကျော်ခန့်က ဝက္ကသေးတံတားပေါ် တွင် စစ်ကော်မရှင်၏ လက်နက်ခဲယမ်းတင်ဆောင်လာသည့်ကားနှင့် အရပ်သားကားတို့ တိုက်မိရာ စစ်ကားတိမ်းမှောက်သွားပြီး လက်နက်ခဲယမ်းများ ပေါက်ကွဲခဲ့သည့်အတွက် တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကိုးပင်ဘက်ကလာတဲ့ စစ်ကားနဲ့ တောင်တွင်းကြီးဘက်ကပြန်လာတဲ့ ကုန်ကားတို့ တိုက်မိလို့လက်နက်ခဲယမ်းတွေ ပေါက်ကွဲပြီး ကားနှစ်စီးလုံး တံတားပေါ်မှာ မီးလောင်ပြာကျသွားတယ်”ဟု တောင်တွင်းကြီး ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ဒေသခံများ၏ပြောကြားချက်အရ တောင်တွင်းကြီးဘက်မှ ဆန်အိတ်များတင်လာသည့် ဈေးကားနှင့် စစ်ကားတိုက်မိရာ ကားနှစ်စီးလုံးမီးလောင်ပြီး အရပ်သားကားပေါ်တွင် ပါလာသည့် ပြည်သူ လေးဦးပါသေဆုံးသည်ဟု သိရသည်။

 

စစ်ကားပေါ်တွင် လိုက်ပါလာသည့် အပြင်းအထန်ဒဏ်ရာရရှိသူများကို ပရပ်ကြယ်တိုက်နယ်ဆေးရုံသို့ အရေးပေါ်ကုသထားရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

တိမ်းမှောက်သွားသည့်စစ်ကားပေါ်မှ လက်နက်ခဲယမ်းများ သည် တစ်နာရီခန့်ကြာအထိ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့