ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်ကို ရန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ဝန် ကြီးချုပ် တာကိုင်ချိဆာတေးကို အကြံပြုခဲ့တယ်လို့ The Wall Street Journal က ဖော်ပြပေမယ့် ဂျပန်အ စိုးရ တာဝန်ရှိသူတွေက မဟုတ်ဖူးလို့ ငြင်းဆန်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ တာကိုင်ချိကြား ဒီသီတင်းပတ်အစောပိုင်း ဖုန်းပြောဆိုမှုနဲ့ပတ်သက်တဲ့ သတင်း တစ်ပုဒ်ကို အမေရိကန်သတင်းစာ The WSJ က ဖော်ပြခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဆိုပါနေ့အစော ပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ဖုန်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်အရေး မှတ်ချက်စကားကို လေသံလျှော့ဖို့ ဒေါ်နယ်ထရမ့်က တာကိုင်ချိကို အကြံပြုခဲ့ တယ်လို့ The WSJ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့အကြံပြုချက်ဟာ ပိုင်းခြားဝေဖန်ဖို့သာဖြစ်ပြီး ထိုင်ဝမ်အရေးမှတ်ချက်ကို ပြန်ရုတ်သိမ်းဖို့ တာကိုင်ချိကို ဖိအားပေးတာမဟုတ်ဖူးလို့ The WSJ သတင်းက ဆိုပါတယ်။

တရုတ်က ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ရင် ဂျပန်နိုင်ငံရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုဖြစ် လာနိုင်တယ်လို့ တာကိုင်ချိက ဒီလအစောပိုင်းမှာ လွှတ်တော်၌ ပြောကြားခဲ့ရာ တရုတ်နိုင်ငံကို အမျက် ထွက်စေခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က တာကိုင်ချိကို ယင်းကဲ့သို့သောအကြံပေးတာ မဟုတ်ဖူးလို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ကီဟာရာမိုင်နိုရူက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်အစိုးရက အဆိုပါသတင်းနဲ့ပတ်သက်လို့ The WSJ သို့ ကန့်ကွက်စာ ပေးပို့ထားတယ်လို့ ၎င်း က ဆက်ပြောပါတယ်။

ထိုင်ဝမ်အရေး ပွတ်တိုက်မှုက အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်အား ထိခိုက် လာမှာကို ဒေါ်နယ်ထရမ့်က စိုးရိမ်ခဲ့တယ်လို့ The WSJ သတင်းက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Japan denies Trump advised Takaichi not to provoke China over Taiwan