ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
စစ်ကိုင်းတိုင်းအတွင်းနှင့် ကချင်အစပ်ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကြောင်းလိုက် ကစဉ့် ကလျားပြေးရသည်အထိ ရှုံးနိမ့်နေမှုများအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်တိုင်းမှူး ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။
မုံရွာအခြေစိုက် နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို စစ်ကော်မရှင်က လာဘ်စားမှု အကြောင်း ပြ၍ အနားပေးကာ ဖမ်းဆီး စစ်ဆေး နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒုစရဖချုပ် ဗိုလ်ချုပ်မင်းသူကိုယ်တိုင် စစ်ဆေးနေတာ။ စစ်တိုင်းမှူးမျိုးမင်းထွေးကို အထဲမှာ နားအုံ ဖုန်ခါနေတာ။ တသီတတန်းကြီး မော်စကို(ထောင်ထဲ)သွားရမှာပါ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးနေရာကို ကလောမြို့အခြေစိုက် စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရကို အစားထိုးတာဝန်ပေးလိုက်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးတစ်ဦး ငွေကြေးသုံးစွဲမှု များပြားလာသည့် ဖြစ်စဉ်မှစကာ လာဘ် စားမှုများပါ ပေါ်ပေါက်ပြီး စစ်တိုင်းမှူးအဆင့်ထိ အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
လာဘ်စားမှုဟု စစ်ကော်မရှင်က သတင်းလွှင့်ထားသော်လည်း စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (ဒုစရဖချုပ်)ဗိုလ်ချုပ်မင်းသူကိုယ်တိုင် စစ်ရှုံးရသည့်အခြေနေများကို စိစစ်ပြီး စစ်တိုင်းမှူးဖြစ်သူကို အရေးယူခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် ယမန်နှစ် ၂၀၂၄ ဩဂုတ်က ကိုးကန့်တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ လားရှိုးကို သိမ်းစဉ်က တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့်အတူ အရာရှိနှင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ လက်နက်ချ ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို ယခု ဗိုလ်ချုပ် ကျော်သူရ အပါအဝင် ငါး ဦးအထိ ပြောင်းလဲခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ပုံစာ- နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး