(မင်းတပ်)၊ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် နှစ်ကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သားလူနေအိမ် နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၂)၊ မရှိန်းလှော် – ဝုမ်းခုမ် ကြား တစ်နေရာကို နိုဝင်ဘာ ၂၅ ရက်နေ့၊ ည ၁၀ နာရီ၊ မိနစ် ၄၀ ခန့်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း တိုက်ခိုက်ခြင်းဖြစ်သည်။

“လေယာဥ်တစ်စီး ဗုံးသီး လေးလုံးနဲ့ နှစ်ကြိမ် ကြဲသွားပါတယ်။ လူထိခိုက် သေဆုံးမှု မရှိဘူး။ မရှိန်းလှော် – ဝုမ်းခုမ် ကြားက နေအိမ် နှစ်လုံးကတော့ ပျက်စီးသွားပါတယ်” ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုသည် မရှိန်းလှော် – ဝုမ်းခုမ် ကြား လမ်းဘေးတစ်နေရာတွင် ကျရောက်ပေါက်ကွဲသည့်အတွက် လူထိခိုက်မှုမရှိဘဲ အနီးအနားရှိ အရပ်သား လူနေအိမ်နှစ်လုံး ဗုံးစထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။
“ရွာထဲမှာ ဗုံးမကျပဲ ရွာအပြင်ဘက် ကားလမ်းဘေးမှာ ကျသွားတာဖြစ်တဲ့အတွက် ထိခိုက်မှုနည်းသွားတယ်။ အရင်နှစ် ၂၀၂၄ ၊ သြဂုတ်လတုန်းကလည်း တစ်ခါ အဲနေရာကို ဗုံးကြဲဖူးတယ်”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာလ ၂၂ ရက်နေ့ကလည်း မင်းတပ် – မတူပီ လမ်းမပေါ် ရှိ ၂၂ မိုင် ကို စစ်ကော်မရှင်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး ပွိုင့်ဖိုက်များပါ ပစ်ခတ်သည့်အတွက် အရပ်သားလူနေအိမ်တချို့ ပျက်စီးသွားသည်။