ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကော်မ ရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကော် မရှင်၏ တပ်စခန်းအချို့ကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်း စက်စက်ယိုကျေးရွာနှင့် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီးနောက် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်ရှိ ရှေ့တန်းစခန်းအချို့ကို AA နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“စက်စက်ယိုတစ်ဝိုက်က အကုန် AA သိမ်းထားတာ။ အခုသဲနုကုန်းဘက်မှာပါ AA က နယ်မြေချဲ့ လာနိုင်တယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကို အားကိုးပြီးတိုက်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စခန်းများအသိမ်းခံရပြီးနောက် စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ဘေးရှောင်များ စစ်ရှောင်နေထိုင်နေသည့် ဝက်ကုန်းကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ပေါင် ၅၀၀ ဗုံး သုံး လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ဦးနှင့် သက်ကြီးပိုင်းအမျိုး သားတစ်ဦးတို့ သေဆုံးပြီး လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝက်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာ များမှ စစ်ရှောင်အများစု ဝင်ရောက်နေထိုင်နေသည့် ကျေးရွာဖြစ်သည်။
ဧရာဝတီတိုင်းအတွင်း လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူနှင့် ရွှေသောင်ယံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းနှင့် ပါရာမော်တာများအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-AA Info Desk