နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ ပြုလုပ်သွားမည့် ရွေးကောက်ပွဲကို မဲပေးရန်အတွက် ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသည့် လွတ်ရက်စေ့သူ ၇၀၀ ကျော်ကိုသာ လွတ်ငြိမ်းပေး၍ ကျန်သူများအား ပြစ်ဒဏ်လျော့ အမှုပိတ်သိမ်းပေးကြောင်း သိရသည်။
စစ်ကော်မရှင်သည် အာဏာသိမ်း၍ အရပ်သားအစိုးရနှင့် ပါတီခေါင်းဆောင်များအပါအဝင် ပြည်သူများကို “ပုဒ်မ ၅၀၅-က” ဟု ခေါ်ဆိုသော နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့် ဖမ်းဆီးထားမှု အပေါ် လွတ်ငြိမ်းပေးကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူအနက် ၇၂၄ ဦးကိုသာ ပြစ်မှုထပ်မံကျူးလွန်ပါလျှင် ယခုပြစ်ဒဏ်နှင့်အတူ စုပေါင်းကျခံရမည်ဟု လွတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့သည် အစောပိုင်း ဖမ်းဆီးခံရသူများဖြစ်ကြောင်း နိုင်/ကျဉ်းဟောင်း သတင်းစာဆရာတစ်ဦးက ဆိုသည်။
“၅၀၅-က နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းပေးတယ် ဆိုတဲ့ကိစ္စမှာ ၇၀၀ကျော်က အဲ့ဒီပုဒ်မတစ်ခုတည်း ဖြစ်တဲ့အတွက် လွတ်သွားတာပေါ့။ ကျန်တဲ့ ၅၀၅-က ဆိုတဲ့ သူတွေကတော့ အခြားအမှုတွေပါ ရှိနေသေးလို့ လွှတ်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ပုဒ်မ ၅၀၅-က ဖြင့် ၎င်းတို့မတရားဖမ်းဆီး ထောင်ချထားသည့် ၂၃၆၁ ဦးလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးသလို ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ဦးအား အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ဆိုသည်။
အဆိုပါ ပုဒ်မ ၅၀၅-က ဖြင့် ၎င်းတို့မတရားဖမ်းဆီး ထောင်ချထားသူ ၂၃၆၁ ဦးနှင့် အမှုပိတ်သိမ်းပေးသူ ၅၅၈၀ ဦးတို့မှာ ယင်းပုဒ်မ မရှိတော့သော်လည်း အခြားပုဒ်မများ ရှိနေသေးပြီး စစ်ကော်မရှင်က ရောထွေးအောင် လုပ်ထားကြောင်း သိရသည်။
“စစ်တပ်က လူတွေ နားမလည်အောင်၊ ရောထွေးသွားအောင် ခပ်တည်တည်နဲ့ လုပ်လိုက်တာပေါ့။ အဲဒါကိုလည်း တကယ်တော့ သတင်းဌာနတွေအနေနဲ့ ရှင်းရှင်းလင်းလင်း ရေးပြဖို့လိုတယ်” ဟု နိုင်/ကျဉ်းဟောင်းက ထောက်ပြပြောသည်။
ခုခံတော်လှန်မှုများ ပြင်းထန်လာသည်နှင့်အမျှ စစ်ကော်မရှင်သည် ၎င်းတို့ ဖမ်းဆီးထားသူများကို ၅၀၅-က အပြင် ၅၀-ည၊ အကြမ်းဖက်မှု ပုဒ်မများ၊ ပေါက်ကွဲ၊ လက်နက်မှု၊ ရွေးကောက်ပွဲ ဥပဒေ စသည်တို့ဖြင့် အမှုများ တိုးဖွင့်လာကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် ၅၀၅-က သီးသန့်ဖြင့် ဖမ်းဆီးခံရသူများမှာ မရှိသလောက် နည်းပါးနေသလို ယနေ့ လွတ်ပေးသူများသည်လည်း လွတ်ရက်စေ့သူ၊ မကြာမီ လွတ်မြောက်မည့် သူများဖြစ်ကြောင်း နိုင်/ကျဉ်းအသိုင်းအဝိုင်းထံမှ သိရသည်။
ဓာတ်ပုံ-CJ