ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို အကြမ်းဖက်သမားအဖြစ်ကြေညာပြီးနောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နှင့် ရာဇသတ် ကြီး ပုဒ်မ ၅၀၅ -က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကပြစ်ဒဏ်ကျခံနေရသူများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ နဲ့ အညီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ၎င်းတို့ပိုင် ရုပ်သံများမှ တစ်ဆင့် ယနေ့ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

“မကြာမီကျင်းပမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို အမှုမှ လွှတ်ပေးဖို့ အမိန့်ထုတ်ပြန် သွားမှာဖြစ်ပါတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အပြစ်ကျခံနေသူတွေကို လည်း ခံဝန်နဲ့ အပြစ်မှ လွှတ်ပေးမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသူများနှင့် ပြစ်ဒဏ်ကျခံနေသူများ စာရင်းကို ယနေ့ည ၈ နာရီသတင်းအပြီးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်၍ ကျင်းပရန် ၃၂ ရက်သာလိုတော့သည်။