‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၆ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရာ စစ်ကော်မရှင်တပ်မှ ဒဏ်ရာရလူနာများ ပုသိမ်သို့ အလုံးအရင်းနှင့်ရောက်ရှိနေကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းမှ ရောက်ရှိလာသည့် ဒဏ်ရာရ စစ်ကော်မရှင်တပ်သားများကို ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၄ တွင် ကုသပေးနေရာ လူနာများပြားသည့်အတွက် ရန်ကုန်သို့ ပို့ဆောင်နေရကြောင်း သိရသည်။

“ရှေ့တစ်ပတ်က လေးမျက်နှာဘက်ကနေပြီး စစ်ကားကြီး ၁၄ စီးနဲ့ လူနာနဲ့‌ လူသေတွေ ပြန်သယ် လာတာ။ အခု သာပေါင်းဘက်ကနေပါ လူနာတွေထပ်ရောက် လာတယ်။ ကုလို့မနိုင်တာတွေကို ရန်ကုန်ကိုပို့နေရတယ်လို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်လာသည့် သာပေါင်းမြို့တွင် သဲဖြူရွာတိုက်ပွဲမှ ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ပုသိမ် မဆရ ၄ သို့ ထပ်မံရောက်ရှိလာသဖြင့် နေရာအခက်အခဲနှင့် ဆေးဝါး၊ သွေး၊ ဆရာဝန်၊ သူနာပြု လုံလောက်မှုမရှိတော့သည့်အတွက် အရေးပေါ်လူနာများကို ရန်ကုန်သို့ ပို့ဆောင်နေရကြောင်း ပုသိမ်သတင်းထူးတပ်ဖွဲ့ထံမှ သိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ တပ်သားသစ်စုဆောင်းပြီး ဧရာဝတီစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံထားရသည့် တပ်ဖွဲ့ဝင်အများစုမှာ သာပေါင်းလေးကျေးရွာဘက်တွင် ပြန်လည် ထွက်ပြေးမှုများ ရှိနေသဖြင့် လိုက်လံဖမ်းဆီးနေရကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့မှာ နယ်မြေကျွမ်းကျင်မှုမရှိသဖြင့် ၎င်းတို့ခင်းထား သည့် မိုင်းများကို ပြန်နင်းမိပြီး သေဆုံးမှုများပြားကြောင်းလည်း သိရသည်။

နတခသည် တပ်သားသစ်များ ကျဆုံးမှုကို အဆက်အသွယ်ရှိသလောက်သာ အကြောင်းကြားနိုင်ပြီး ယခုနောက်ပိုင်း သေဆုံးသူများစာရင်းကို မိသားစုများထံ အကြောင်းကြားထားခြင်းမရှိတော့ကြောင်း သိရသည်။ထို့ကြောင့် မိသားစုဝင်များမှာ အပိုင်အုပ်ချုပ်ရေးမှူးများ၏ ဖုန်းဆက်သွယ်အသိပေးမှုဖြင့်သာ သေဆုံးကြောင်းကို လအတော်ကြာမြင့်မှ သိရှိရသည်။

ဂွကမ်းခြေတွင် လှည့်လည်နေသည့် စစ်ကော်မရှင်၏ Navy သုံးစီးသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်။

ထို့အပြင် ရွှေသောင်ယံမြို့နယ်၊ မကျီးဇင်ရွာနှင့် သာပေါင်းမြို့နယ် သဲဖြူကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွား လျက်ရှိရာ စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ပုံစာ- ပုသိမ်ရှိ ပြည်သူ့စစ်မှုထမ်းများကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တွေ့ဆုံစဥ် (ပုံဟောင်း)