ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

 

စစ်ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများအား လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်စေရန်အတွက်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူ ၇၂၄ ဦး နှင့် ၅၀၅-က ဖြင့်တရားစွဲဆိုထားသူ ၅,၅၈၀ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

စစ်ကော်မရှင်သည် ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ထောင်ဒဏ်ကျနေသူ ၇၂၄ ဦး ကို ပြစ်ဒဏ်လျှော့ပေါ့မှုနှင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးထားသည်။ ထိုလွတ်ငြိမ်းခွင့်သည် ရာဇဝတ်ကျင့် ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ အသုံးပြုခြင်းဖြစ်ပြီး “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက လက်ရှိနှင့် ကျန်ရှိသည့် ပြစ်ဒဏ်များကို ဆက်လက်ကျခံမည်”ဟု ဆိုထားသည်။

ထို့အပြင် ၅၀၅-က မဟုတ်သည့် အမှုအမျိုးအစားများဖြင့် ပြစ်ဒဏ်ကျခံနေသူ ၂,၃၆၁ ဦး ကိုလည်း အတူတကွ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် လက်ရှိတွင် ၅၀၅-က ဖြင့် တရားစွဲကာ စစ်ဆေးခံနေရသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၅,၅၈၀ မှုကိုလည်း အမှုရုပ်သိမ်းခြင်း ပြုလုပ်ထားကြောင်း စစ်ကော်မရှင်က ထပ်မံ ကြေညာခဲ့သည်။

 

ယခုကဲ့သို့ ပြစ်ဒဏ်များမှ ပယ်ဖျက်ပေးခြင်းသည် “မဲဆန္ဒရှင်ပြည်သူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မကြာမီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ် မျှတစွာ မဲပေးနိုင်စေရန်” ရည်ရွယ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

အဆိုပါ ကြေညာချက်တွင် အမိန့်အရ- အောင်လင်းဒွေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ်ဟု ဖော်ပြထားသည်။

 

စစ်ကော်မရှင်က ထိုသို့လုပ်ဆောင်ခြင်းသည် မကြာမီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအပေါ် လူထု၏ အမြင်များ ပြောင်းလဲစေရန်နှင့် ၎င်းတို့၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင် လာခြင်း ဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။

 

ပုံစာ-စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်မြိုပေါ် ဆန္ဒပြမှုမြင်ကွင်း။