ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ထိုင်းနိုင်ငံ တောင်ဘက်ပိုင်းခရိုင်များ ရေကြီးရေလျှံမှုတွင် သေဆုံးသူ ၃၃ ဦးအထိရှိလာပြီး ထိခိုက် ဒဏ်ရာရသူပေါင်း ၃၀,၀၀၀ ကျော်ရှိကာ ဒေသခံများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သတိပေး ချက်များထုတ်ပြန်ထားဆဲဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သေဆုံးသူအများစုမှာ ဓာတ်လိုက်ခြင်း၊ ရေစီးဖြင့်မျောပါခြင်း၊ ရေနစ်ခြင်း၊ မြေပြိုခြင်းများကြောင့် စေဆုံးရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အနုထင်ကလည်း ရေကြီးရေလျှံမှုကိုအဆိုးရွာဆုံးခံစားနေရသည့် ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့သို့ ရောက်ရှိနေကာ ဘန်ကောက်သို့ပြန်ရန်မလိုအပ်ပါက ရေဘေးဒုက္ခအကျပ်အတည်း ပြီးသည်အထိ ထိုင်းတောင်ပိုင်တွင် နေထိုင်ကာ ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် ဆူရတ်ဌာနီခရိုင်တွင် ရေအနည်းငယ်ကျဆင်းလာသည်မှလွဲ၍ ကျန်ခရိုင်များဖြစ်သည့် နခွန်စီသမ်မရတ်၊ ဆုန်ခလာ၊ ပတ်သွာန်၊ ပတ္တာနီ၊ နရာသီဝပ်၊ ယာလာ၊ ထရန်၊ စတွန်ခရိုင်များတွင် ရေကြီးရေလျှံမှုကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းစစ်တပ်မှလည်း ရေကြီးရေလျှံမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရန် ကယ်ဆယ်ရေး ရဟတ်ယာဉ်များ၊ ဆေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များကို စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေး အထူးယာဉ်များ၊ လှေများပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များကိုလည်း စေလွှတ်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ရဟတ်ယာဥ်များအသုံးပြု၍ တစ်မြို့လုံးရေနစ်မြုပ်နေသည့် ဟတ်ယိုင်မြို့မှ ရေဘေးသင့် ပြည်သူများကို လိုအပ်သည့်အကူအညီများ၊ ရေသန့်၊ စားနပ်ရိက္ခာများကို ဖြန့်ဝေပေးနေကြောင်းလည်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကိုးကား – The Nation Thailand