ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
တိုက်ပွဲများအတွင်းနှင့် တိုက်ပွဲမရှိဘဲ ပြည်သူများကိုပစ်မှတ်ထား ဗုံးကြဲနေသည့် လေယာဉ်မှူးများ ပင်ပန်း နေကြောင်း တင်ပြခဲ့သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ကို ရာထူးမှအနားပေးလိုက်ကြောင်း သိရသည်။
စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်က ပြည်သူများကို နေ့စဉ်ရက်ဆက်ဗုံးကြဲ သတ်ဖြတ်နေသည့် လေယာဉ်မှူးများ ဗုံးကြဲနေရသည်မှာ ပင်ပန်းနေပြီဖြစ်ကြောင်း တင်ပြခဲ့ပြီး အကြိမ်ရေ လျော့ပေါ့ပျံသန်းပေးရန် ပြောဆိုခဲ့သည့်အတွက် စစ်ကော်မရှင်က ၎င်းကိုရာထူးမှ အနားပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကြည်းတပ်က အသက်ပေးပြီးတိုက်နေတာ။ လေတပ်က မလုပ်ပေးနိုင်စရာ ဘာအကြောင်းမှမရှိဘူး။ ပင်ပန်းတယ် မလုပ်နိုင်ဘူးဆိုရင် ထွက်ဆိုပြီး ရာထူးကအနား ပေးလိုက်တာ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့က ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို ရာထူးမှအနားပေးကာ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ထိုသို့ပြောင်းရွှေ့ပြီးနောက် စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် ဗိုလ်ချုပ်ထွန်းဝင်းကို ပြောင်းလဲအစားထိုးခန့်အပ်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် တပ်အပြောင်း အလဲများကို အများဆုံးပြုလုပ်လာပြီး စစ်အရာရှိများကို ပြောင်းလဲခန့်အပ်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်းနှင့် ရာထူးမှအနားပေးခြင်းများကို ဆက်တိုက်ပြု လုပ်လာသည်။
ကြည်း၊ရေ၊လေ သုံးခုရှိသည့်စစ်တပ်တွင် ကြည်းတပ်မှအရာရှိများကို အရေးကြီးတာဝန်များ အဓိက ပေးထားပြီး ကြည်းတပ်ကအသက်ပေးတိုက်ခိုက်နေသည့်အတွက် ရာထူးကြီးများနှင့် သင့်တော်သည် ဆိုသည့် ပြောဆိုမှုများ စစ်အရာရှိပိုင်းအတွင်း သတင်းထွက်ပေါ်လျက်ရှိသည်။
ယခု အနားပေးခံရသည့် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၏ တင်ပြချက်ကိုလည်း အလုပ် မလုပ်နိုင်လျှင် ရာထူးအနားပေးသည့် အနေအထားဖြစ်နေပြီး ကြည်းတပ်က ခေါ်ယူလျှင် ၂၄ နာရီ အပြည့်အလုပ်လုပ်ရမည်ဆိုသည့် ပြောဆိုချက်များ တပ်တွင်းတွင် ထွက်ပေါ်နေကြောင်း သိရသည်။
ကြည်းတပ်မှအရာရှိများ နေရာရယူနိုင်ရေးအတွက် ရာထူးစီနီယာကျသည့် ရေတပ်နှင့် လေတပ် အရာရှိ များကို အရပ်ဘက်သို့အကြောင်းပြ ဖယ်ရှားခြင်းများ ပြုလုပ်နေသည်ဟုလည်း တပ်သတင်းရင်း မြစ်က ဆိုသည်။
ပုံစာ-ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ စစ်ဦးစီးချုပ်(လေ)။