နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးသည်ဟုဆိုကာ တနင်္သာရီတိုင်း၊ ကျွန်းစု PDF အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှ ပြည်သူများကို ရွေးကောက်ပွဲ ဥပဒေတို့ဖြင့် ထပ်မံအမှုဖွင့် ဖမ်းဆီးထားကြောင်း ယနေ့နိုဝင်ဘာ ၂၆ ရက်ထွက် ဝါဒဖြန့် သတင်းစာမှတဆင့် ထုတ်ပြန်လာသည်။

အဆိုပါရွေးကောက်ပွဲများကို အတုအယောင်အဖြစ် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများမှ သတ်မှတ်ထားပြီး လက်မခံသဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေအား ပြဌာန်း၍ EROs ၊ PDF ၊ သတင်းဌာန၊ အနုပညာရှင်များအပါအဝင် ပြည်သူများကို အမှုဖွင့်ဖမ်းဆီးလျက်ရှိရာ ယခုထပ်မံ ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာ၌ တိုင်းနှင့်ပြည်နယ် ခြောက်ခုဖြစ်သော တနင်္သာရီ၊ ရန်ကုန်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းတို့မှ ပြည်သူများ ပါဝင်လာပြီး ၎င်းတို့သည် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)တို့၏ မဲဆွယ်ဆိုင်းဘုတ်များ ဆုတ်ဖြဲဖျက်ဆီးခဲ့သလို ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်ရေးသားကြောင်း စစ်ကော်မရှင်က ဆိုသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံရွာ၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ဖျက်ဆီးသွားသဖြင့် ထိုသူ(စိစစ်ဆဲ)အားလည်းကောင်း၊ ကျွန်းစု PDF နှင့် သရက် PDF တို့ကိုလည်းကောင်း ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်း၊ တွံတေး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းမြို့နယ်တို့မှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအပြင် လှိုင်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ (စိစစ်ဆဲ)တို့ကိုလည်း ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခြင်း၊ အွန်လိုင်းပေါ်မှ ဆန့်ကျင်ရေးသား လှုံ့ဆော်ခြင်းများ ပြုလုပ်သည်ဆိုကာ ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးသွားသူ (စိစစ်ဆဲ)နှင့် ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်တွင် စိုက်ထူထားသော ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်အား ဖျက်ဆီးသွားသူ အမှတ် (၉) ရပ်ကွက်နေ ကိုထက်နေလင်း (၂၇)နှစ်တို့ကို ရွေးကောက်ပွဲ ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် လှုံ့ဆော်စာများ လိုက်ကပ်သူ(စိစစ်ဆဲ)နှင့် ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်အား ဖျက်ဆီးသွားသူ အမျိုးသား နှစ်ဦးအပြင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးသွားသူ (စုံစမ်းဆဲ)တို့ကိုလည်း စစ်ကော်မရှင်က အမှုဖွင့်
ထားသည်ဟုဆိုသည်။

ယင်းအပြင် ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံး ဟောပြောနေသော မှတ်တမ်းဓာတ်ပုံများ အသုံးပြု၍ မဟုတ်မမှန် ရေးသားထားသည့် စာသားများ အွန်လိုင်းတွင် ဖြန့်ဝေသည်ဆိုကာ “လူထုသတင်းစာတိုက်” နာမည်ဖြင့် Facebook အကောင့်ဖွင့်ထားသူ (စိစစ်ဆဲ)ကိုလည်း စစ်ကော်မရှင်က ပြင်ဦးလွင်မြို့မရဲစခန်း၌ ရွေးကောက်ပွဲ ဥပဒဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်နေ ဦးဆန်းလင်း (ခ) ဒေါက်ဆန်း (၆၀)နှစ်ကိုလည်း လမ်း၌စစ်ဆေးရာမှ ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်းအတွင်း Tiktok ပေါ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်လှုံ့ဆော်စာနှင့် ဓာတ်ပုံများ ရေးသားထားသည်ဆိုကာ ဖမ်းဆီး၍ ရွှေဘိုမြို့မရဲစခန်း၌ ရွေးကောက်ပွဲ ဥပဒဒေဖြင့် အမှုဖွင့်ထားကြောင်း စစ်
ကော်မရှင်က ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရွေးကောက်ပွဲဆန့်ကျင်သည့်စာများလိုက်ကပ်သည်သည်ဟုဆိုကာ အမျိုးသားနှစ်ဦးကို ထောင်ဒဏ် ၄၇ နှစ်အထိချမှတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးကို ၁၇ နှစ်ချမှတ်ခဲ့သည်။