ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

 

ဒီမိုကရေစီ အရပ်သားအစိုးရလက်ထဲမှ အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်နီးပါး ကြာမြင့်တော့မည့် အချိန်ရောက်မှ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၁၈ ဦးကို အကြမ်းဖက်သမားများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ရုတ်တရက် ထုတ်ပြန်ကြေညာခဲ့သည်။

 

စစ်အာဏာရှင် တော်လှန်ရေးကာလ တစ်လျှောက်လုံး ပြည်သူများက စစ်အုပ်စုကို အကြမ်းဖက် သမားအဖြစ် သတ်မှတ်တိုက်ခိုက်နေသော်လည်း NUG အနေဖြင့်မူ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာမှ ၎င်းတို့ကို အကြမ်းဖက်သမားများအဖြစ် တရားဝင် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ထူးခြားချက်အနေဖြင့် NUG ၏ အကြမ်းဖက်အဖြစ်အရေးယူမည့်စာရင်းတွင် ကွယ်လွန်သွားပြီဖြစ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ အမည်ကိုလည်း ထည့်သွင်း ကြေညာထားခြင်း ဖြစ်သည်။

အကြမ်းဖက် စစ်အုပ်စုသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဥပဒေမဲ့ အာဏာသိမ်းကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

 

သို့သော် ထိုစဉ်ကတည်းက ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ယခု ၂၀၂၅ ခုနှစ်ရောက်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို အကြမ်းဖက်သမားများအဖြစ် NUG က ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့လည်း ပါဝင်သည်။

 

ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တီခွန်မြတ် နှင့် NLD ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူ အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ ဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေနှင့် ဒေါက်တာသီတာဦးတို့ကိုလည်း အကြမ်းဖက်သမားများဖြစ်ကြောင်း ဖော်ပြထားသည်။

 

ယခုကဲ့သို့ ကြေညာခြင်းသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း NUG က ဆိုသည်။

 

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါးအကြာမှ ထွက်ပေါ်လာသည့် ဤကြေညာချက်တွင် စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ၂၅ ဦးကိုလည်း ထည့်သွင်းထားသည်။ ၎င်းတို့မှာ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း အစရှိသူများ ပါဝင်သည်။

 

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ဥပဒေအရ အကြမ်းဖက်သမားများကို အရေးယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် NUG က တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – စစ်ကော်မရှင်