ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
တရုတ်ကြားဝင်မှုနှင့် စစ်ကော်မရှင်အလိုကျ TNLA တပ်ဖွဲ့များ ဖယ်ပေးရမည့် မိုးကုတ်မြို့အတွင်းကို စစ်ကော်မရှင်တပ်များ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့ကိုကာကွယ်ရန် ရောက်ရှိနေသည့် တော်လှန် ရေးတပ်ဖွဲ့များကို ပြီးခဲ့သည့် နိုဝင်လဘာ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် TNLA က တွေ့ဆုံပြီး စစ်ကော်မရှင်တပ်ကို အနှောင့်အယှက် အဟန့်အတားမပြုလုပ်ရန်နှင့် မြို့မှဆုတ်ခွာပေးရန် ပြောဆိုခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“ကျွန်တော်တို့ကို နှစ်ကြိမ်ခေါ်ပြောတယ်။ ထွက်သွားတဲ့တပ်တွေလည်း ထွက်သွားကြပြီ။ တရုတ်ဘက်က ဘာဖိအားတွေရှိလည်း ပွင့်ပွင့်လင်းလင်းမသိရတော့ကျွန်တော်တို့လည်း လုပ်ရကိုင်ရခက်တယ်”ဟု မိုးကုတ်မြို့ကို ရောက်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
TNLA ၏ ညွှန်ကြားချက်နှင့် မိုးကုတ်မြို့အတွင်းရှိ တော်လှန်ရေးတပ်အများစုမှာ မြို့အပြင်ကို ဆုတ်ခွာပေးထားရပြီး စစ်ကော်မရှင်တပ်မှာ မြို့အတွင်း စိမ့်ဝင်ရောက်ရှိလာနေကြောင်း သိရသည်။

မိုးကုတ်မြို့နယ်အတွင်းရှိ အစိုးရရုံးဌာနများ၊ ကျောက်ဖားဂိတ်နှင့် ပြောင်းပြင်ရွာထိပ်ရှိ ရတနာလုပ်ကွက်များတွင် စစ်ကော်မရှင်တပ်ဖွဲ့များ တပ်ဖြန့်ကာ TNLA အကူအညီဖြင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့အတွင်း စစ်ကော်မရှင်တပ်များ ဝင်ရောက် လာသည့်အတွက် မြို့ခံအများစု မြို့အတွင်းမှအလုံးအရင်းနှင့် ထွက်ခွာနေကြကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်နှင့် TNLA တပ်တို့ ညှိနှိုင်းထားမှုအရ ယခုလာမည့် နိုဝင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် TNLA တပ်များ မြို့အတွင်းမှ အပြီးထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-မန္တလေးpdf (ပုံဟောင်း)