ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာ ၂၆ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် အာဏာသိမ်းစစ်ကော်မရှင်က စက်တင်ဘာလမှစတင်ကာ အကျဉ်းသူ၊ အကျဉ်းသားများကို ဖိအားပေးကာ ကြိုတင်မဲများပေးခိုင်းခဲ့ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ထံက သိရသည်။

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ ထောင်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများမှာ မဲပေးပိုင်ခွင့်မရှိသူများစာရင်းတွင် ပါဝင်သော်လည်း စစ်ကော်မရှင်က လွိုင်ကော်ထောင်မှ အချုပ်သားများအပြင် ထောင်ဒဏ်ကျ အကျဉ်းသားများကိုပါ ကြိုတင်မဲပေးခိုင်းခဲ့ခြင်း ဖြစ်သည်။

“အကျဉ်းသားအားလုံးမဲပေးရတယ်၊ အချုပ်သားအပါအဝင် မဲပေးလိုက်ရတယ်။ ငြင်းရင်လည်း ပြန်ထည့်ခိုင်းတာပဲ။ အကျဉ်းသားဘဝက ငြင်းပိုင်ခွင့်မရှိဘူး” ဟု KPPA အဖွဲ့အစည်း ဒုတိယဥက္ကဌဖြစ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ‌နိုင်ငံ‌ရေးအကျဉ်းသားများအပါအဝင် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို အတင်းအကြပ် ကြိုတင်မဲပေးခိုင်းခြင်းမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ၎င်းတို့ကိုယ်တိုင်ကျူးလွန်ခြင်းပင်ဖြစ်ကာ မဲမသမာမှုပြုလုပ်ရန်ကြံစည်နေခြင်းဖြစ်ကြောင်း KPPA ကထုတ်ပြန်ပြောဆိုခဲ့သည်။

စစ်ကော်မရှင်သည် ၎င်းတို့ကိုယ်တိုင်ဥပဒေချိုးဖောက်နေသော်လည်း ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားနေသည်ဟုဆိုတာ ‌အသက်မပြည့်သေးသူများအပါအဝင် ပြည်သူများ၊ အနုပညာရှင်များ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၁၀၀ နှင့်အထက်ကို ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။

လက်ရှိတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် လေးနှစ်ကျော်ကြာကာလတွင် စစ်ကော်မရှင်ကိုဆန့်ကျင်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူပေါင်း ၂၂၆၉၉ ဦးရှိနေပြီး ၁၁၄၁၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်