ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အုပ်စုဖွဲ့ရိုက်နှက်ခံရသည့် ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ ၇ ကိုခန့်ကျော်သူထွန်း အသက် (၂၁) နှစ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က ကျောင်းတွင် ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၃ဝမိနစ်တွင် နေအိမ်မှ သုဿန်သို့ သွားရောက် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မီးသင်္ဂြိုဟ်တာပါ၊ မရှိ ရှိတဲ့ကြားထဲကနေ မိသားစုတွေက ဒီကလေးကို ကျောင်းထားပေးကြရတာ။ နောက်လဆိုရင်ပဲ ခုသေဆုံးတဲ့ ကလေးက သင်္ဘောတက်ရတော့မှာ။ အခုတော့ မိသားစုတွေ ရင်ကျိုးနေကြရပြီ” ဟု ကိုခန့်ကျော်သူထွန်းနှင့် နီးစပ်သူ ကျုံပျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း – စက်ပြင်ဌာန ကျောင်းသားဟောင်း ကိုခန့်ကျော်သူ ထွန်းသည် အမှတ်စာရင်းယူရန်အတွက် နိုဝင်ဘာ ၁၉ ရက်နေ့က ကျောင်းသို့လာရောက်စဥ် ယင်းကျောင်းမှ တတိယနှစ်ကျောင်းသား မင်းပြည့်စုံအပါအဝင် ကျောင်းသား သုံး ဦးက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းပင်ဖြစ်သည်။

၀ိုင်းရိုက်ခဲ့ကြသည့် စက်ပြင်ဌာန တတိယနှစ်ကျောင်းသား မင်းပြည့်စုံပါ ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အဓိကကျူးလွန်သူ မင်းပြည့်စုံကို စစ်ကော်မရှင်ကအရေးယူ ဖမ်းဆီးမှု ရှိမရှိကို ဧရာဝတီတိုင်းမ် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။
ပုသိမ်မြို့အဝင်တွင် တည်ရှိသည့် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ယခုဖြစ်ပွားခဲ့သည့် လူသေဆုံးသည်အထိ ပြင်းထန်သော အုပ်စုဖွဲ့ရိုက်နှက်သည့်ဖြစ်စဥ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- သေဆုံးသူ ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်း