ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
အမေရိကန်အစိုးရက မြန်မာနိုင်ငံသားများအပေါ် ခွင့်ပြုထားသည့် ယာယီအကာအကွယ်ပေးထားမှု အဆင့် (TPS) အား ရပ်ဆိုင်းလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ရွေးကောက်ပွဲ ကျင်းပမည့် လုပ်ငန်းစဉ်များအပေါ် အမေရိကန်အစိုးရက အသိအမှတ်ပြုသည့် “အပြုသဘော ဆောင်သော ထုတ်ပြန်ချက်” တစ်ခုဖြစ်ကြောင်း စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ TPS ရပ်ဆိုင်းလိုက်သည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းကို ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် စစ်ကော်မရှင်၏ ဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။
“TPS ရပ်ဆိုင်းရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာမှုကြောင့်ဆိုတာကို ပြောဆိုထားတာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
စစ်ကော်မရှင်၏ ပြောကြားချက်အရ အမေရိကန်၏ သုံးသပ်ချက်များတွင် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေ ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုတို့ကြောင့် မြန်မာနိုင်ငံသား များ လုံခြုံစွာ ပြန်နိုင်ပြီဟု ဆိုထားကြောင်း သိရသည်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာ၍ရကြောင်းနှင့် လာမည့် ရွေးကောက်ပွဲတွင် ပြန်လာ၍ မဲပေးနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ ပြစ်မှုကြီး ကျူးလွန်ထားသူများ မှအပ ကျန်ရှိသူများကို အထူးသက်ညှာစွာ ဖြေလျှော့ပေးမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်လောင်းပြောဆိုသည်။
အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများအတွက် ပေးအပ်ထားသော ယာယီခိုလှုံခွင့် (TPS) ရပ်စဲမှုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲနှင့် တည်ငြိမ်မှုကို အမေရိကန်က အသိအမှတ်ပြုသည်ဟု ဆိုသော်လည်းလက်တွေ့တွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကမူ စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်မှုမရှိပေ။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သော “အတုအယောင် ရွေးကောက်ပွဲ” အဖြစ်သာ သတ်မှတ်ထားပြီး လက်မခံကြောင်း အတိအလင်း ပြောကြားထားသည်။
ထို့ပြင် အမေရိကန်အစိုးရ၏ TPS ရပ်ဆိုင်းမှုအပေါ်တွင်လည်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ (HRW)၊ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ များက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိသည်။
ကန့်ကွက်သူများသည် မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ပြီး နေရပ်ပြန်မည့်သူများအတွက် လုံခြုံမှုမရှိကြောင်း ထောက်ပြကာ အဆိုပါ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။
ပုံစာ-ဗိုလ်ချုပ်ဇော်မင်းထွန်း(ပုံဟောင်း)