ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မုတ်သုန်ထွက်ခွာသွားသော်လည်း ပင်လယ်ပြင်တွင် မုန်တိုင်းများဆက်လက်ဖြစ်ပေါ်နေရာ၌ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားတွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်၊ မလေးရှား နိုင်ငံ၊ ပီနန်မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒါအာချေးမြို့ ၏ အရှေ့ဘက် ရေမိုင် ၂၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခြင်းဖြစ်သည်။
မုန်းတိုင်ငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် မုန်တိုင်း သတိပေးချက် ( အဝါရောင်အဆင့်) သတ်မှတ်ထားသည်။
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ ရေပြင်/မြေပြင် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများကြိုတင်သတိပြုရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့က အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားပြီဖြစ်သော်လည်း လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် လေဖိအားရပ်ဝန်းများ၊ အချိန်အခါမဟုတ်မိုးရွာခြင်း၊ ညပိုင်းအပူချိန်လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိပြုသင့်သည်။