ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ထိုင်းတောင်ပိုင်းရှိ ခရိုင် ၁၀ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ လူပေါင်း ၂ ဒဿမ ၁ သန်းကျော် ရေဘေးသင့်ခဲ့ရကာ သေဆုံးသူ ၁၃ ဦးအထိရှိနေပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန(DDPM) ကထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ဆုန်ခလာခရိုင်မှာ ရေဘေးဒဏ်ခံရမှုအများဆုံးဖြစ်ပြီး ဆုန်ခလာခရိုင်ရှိ ဟတ်ယိုင်မြို့မှာ တစ်မြို့လုံးနီးပါးရေနစ်မြုပ်နေကာ ဆက်လက် ရေအနက်မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံသားအများအပြားလည်း ရေဘေးဒဏ်သင့်နေကြောင်း သိရသည်။

“ဆုန်ခလာခရိုင်ထဲမှာက လက်ရှိစိုးရိမ်ရလောက်တဲ့ထိရေကြီးနေတာ။ ထိုင်းအစိုးရဘက်ကလည်း မြို့ထဲက၁၀၀ရာခိုင်နှုန်းထွက်ပေးကြဖို့ မေတ္တာရပ်ခံထားတယ်။ စက်ရုံအလုပ်ရုံတွေလဲ မြုပ်ကုန်တယ်။အဲ့မြို့ထဲမှာနေထိုင်နေတဲ့ မြန်မာအလုပ်သမားတွေအများကြီးလည်းရှိတယ်။ ဆုန်ခလာခရိုင်မှာ မြန်မာလုပ်သားသိန်းနဲ့ချီရှိတယ်။ ရေးဘေးသင့်တဲ့သူတွေထဲမှာ မြန်မာလုပ်သားတွေအများအပြားပါတယ်” ဟု အလုပ်သမားအရေးအကူအညီပေးနေသူ အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိရေကြီးရေလျှံမှုကို အပြင်းအထန်ခံစားနေရသည့် ထိုင်းတောင်ပိုင်းဒေသတွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လုပ်ကိုင်လျက်ရှိနေပြီး မြန်မာလူမှုကူညီရေး အဖွဲ့အစည်းအချို့မှလည်း လိုအပ်သည့် အကူအညီများသွားရောက် ပေးဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုင်းအစိုးရမှလည်း ရေဘေးသင့်ဒေသများတွင် စစ်တပ်နှင့် ပူးပေါင်း၍ ရေကြောင်း၊ လေကြောင်း အသုံးပြုကာ အကူအညီများပေးအပ်နေပြီး အရေးပေါ်အခြေအနေကြေညာထားသည့် ဟတ်ယိုင်မြို့တွင် KA-32 ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။
အလားတူ ထိုင်းတောင်ပိုင်းခရိုင်တစ်ခုဖြစ်သည့် နရာသီဝပ်ခရိုင်သည်လည်း ဆုန်ခလာခရိုင်နည်းတူ ရေကြီးရေလျှံမှုနှုန်းမြင့်တက်လာခဲ့ပြီး မြို့နယ် ၁၁ ခုအထိ ရေဘေးသင့်နေပြီး ရေသန့်နှင့်ရိက္ခာများ လိုအပ်လာကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ထိုင်းတောင်ပိုင်းအပါအဝင် အလယ်ပိုင်း၊ မြောက်ပိုင်းမှ စုစုပေါင်း ခရိုင် ၂၀ ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ခံစားနေရကြရသည်။