ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ လွှတ်တော်ရုံးအနီးရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က အုပ်စုဖွဲ့ရိုက်နှက်ခံရသည့် ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်းမှာ ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်) တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။

 

ပုသိမ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း – စက်ပြင်ဌာန ကျောင်းသားဟောင်း ကိုခန့်ကျော်သူထွန်းမှာ အမှတ်စာရင်းယူရန် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသို့လာစဥ် ယင်းကျောင်းမှ တတိယနှစ်ကျောင်းသား မင်းပြည့်စုံအပါအဝင် ကျောင်းသား ၃ ဦးက အုပ်စုဖွဲ့ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ကိုခန့်ကျော်သူထွန်းကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ကုသစဥ် ဒဏ်ရာမှာအသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဥ် နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏သူငယ်ချင်းများထံမှ သိရသည်။

ဓာတ်ပုံ-သေဆုံးသူ

 

“သူတို့ရည်းစားဟောင်းကိစ္စ စနောက်ြကရင်း စကားများပြီး မင်းပြည့်စုံတို့က ဝိုင်းရိုက်တာ။ မေးရိုးတွေကိုလည်း လက်သီးနဲ့အခါခါ ထိုးခံရတာရယ်၊ သံပန်းကြားထဲခေါင်းထည့်ပြီး ရိုက်တာ။ ရန်ကုန် ဆေးရုံကြီးရောက်ကတည်းက ဆရာဝန်တွေက အခြေအနေမကောင်းဘူးလို့ ပြောတယ်။ မနေ့က ခေါင်းဒဏ်ရာနဲ့ မနေ့ည ၁၀ နာရီက ဆုံးသွားပါပြီ”ဟု ကိုခန့်ကျော်သူထွန်း၏သူငယ်ချင်းဖြစ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

၀ိုင်းရိုက်ခဲ့ကြသည့် စက်ပြင်ဌာန တတိယနှစ်ကျောင်းသား မင်းပြည့်စုံပါ ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှစ်ဦးကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး အဓိကကျူးလွန်သူ မင်းပြည့်စုံကို ဆက်လက် ဖမ်းချုပ်ထားကြောင်း၊ ကျောင်းဘက်မှလည်း မင်းပြည့်စုံကို ကျောင်း ၂ နှစ် ယာယီရပ်ဆိုင်းသည့်အရေးယူမှု ဆောင်ရွက်ထားကြောင်း သိရသည်။

 

“မင်းပြည့်စုံက အရင်တုန်းကလည်း ကျောင်းသားတယောက်ကို သံတုတ်နဲ့ရိုက်ဖူးတယ်။ ဘာမှ အရေးယူတာ မခံရတော့ လက်ရဲဇက်ရဲဖြစ်နေတာ။ ကိုခန့်ကို ရိုက်နှက်ပြီး မင်းပြည့်စုံက အဖမ်းမခံရတော့ သူက ကျောင်းထဲမှာ လိုက်ပြောပြီး ဂုဏ်ယူနေတာ။ ကျောင်းအုပ်ဆရာကြီးမေးတာတောင် မေးရိုးကိုလက်ညိုးထိုးပြီး ၄ ချက်ဆင့်ထိုးလိုက်တာဆိုပြီး ပြုံးပြုံးကြီးနဲ့ပြောနိုင်တာပါ။ ကျွန်တော်တို့ကျောင်းသားတွေကတော့ ဒီအမှုကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”ဟု သေဆုံးသူ ကိုခန့်ကျော်သူထွန်း၏သူငယ်ချင်း ကျောင်းသားဟောင်းက ပြောသည်။

ဓာတ်ပုံ-ပြစ်မှုကျူးလွန်သူ

 

ပုသိမ်မြို့အဝင်တွင် တည်ရှိသည့် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ယခုဖြစ်ပွားခဲ့သည့် လူသေဆုံးသည်အထိ ပြင်းထန်သော အုပ်စုဖွဲ့ရိုက်နှက်သည့်ဖြစ်စဥ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မြောင်းမြမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသူတစ်ဦးကို အတန်းဖော် မိန်းကလေးကျောင်းသူများက အုပ်စုလိုက်ပါးရိုက်၊ အနိုင်ကျင့်သည့်ဖြစ်စဥ်ပေါ်ပေါက်ခဲ့ပြီး လူမှုကွန်ရက်တွင် အဆိုပါရုပ်သံဖိုင်ပျံ့နှံ့ခဲ့သည့်နောက် မြန်မာလူထုအကြား ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။