ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ဒီလအစောပိုင်းမှာ အမေရိကန် တာဝန်ရှိသူတွေဟာ လွန်ခဲ့သောငါးနှစ်နီးပါးခန့်က ဒေါ်အောင် ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အဓိက ငွေကြေးထောက်ပံ့သူဖြစ်တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို တုန်လှုပ်သွားစေနိုင်တဲ့ အရေးပါသော လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဝါရှင်တန်ရှိ အကြီးတန်းအရာရှိတွေက ကျားဖြန့် နှိမ်နင်းရေး အထူး တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခြင်းဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အွန်လိုင်ငွေလိမ်ဂိုဏ်းတွေကို နှိမ် နင်းမယ့် ကြိုးပမ်းတွေကို ပိုမိုပြင်းထန်လာစေပါတယ်။
ပြီးခဲ့တဲ့အပတ်က မြန်မာစစ်တပ် အရာရှိကြီးတွေဟာ စောချစ်သူ ဦးဆောင်တဲ့ လက်ရှိမှာ ကရင် အမျိုးသားတပ်မတော် (KNA) ဟု လူသိများသော နယ်ခြားစောင့်တပ် (BGF) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းတွေကို ချက်ချင်း နှိမ်နင်းဖို့ ညွှန်ကြား ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
မကြာသေးမီလများအတွင်း အမေရိကန်အစိုးရဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြဝ တီဒေသရှိ တရုတ်လူဆိုးဂိုဏ်းများကို ကာကွယ်ပေးနေသော ယခင်က ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) လို့ လူသိများခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့မှ အဓိကပုဂ္ဂိုလ်တွေအပြင် ကမ္ဘောဒီး ယားရှိ Prince Group နဲ့ Huione Group ဆိုတဲ့ အဖွဲ့အစည်းနှစ်ခုကို ပိတ်ဆို့အရေးယူခြင်းဖြင့် အရှေ့ တောင်အာရှရှိ ရာဇဝတ်ကွန်ရက်တွေရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အမေရိကန်ရဲ့ ‘ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့’ မှာ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အ မေရိကန် လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (US Secret Service) နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန (US Treasury) တို့မှ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံသားတွေကို ငွေကြေးလိမ်လည်တဲ့ အဆင့်မြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကောင် တွေကို ဖမ်းဆီးပြီး စွဲချက်တင်နိုင်ရေးအတွက် သတင်းပေးနိုင်သူကို ဒေါ်လာ ၂၅ သန်း ဆုကြေးချီးမြှင့်မယ် လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံသားတွေထံမှ ဒေါ်လာ ၁၀ ဘီလီယံဝန်းကျင် ခိုးယူခဲ့တဲ့ အရှေ့ တောင်အာရှရှိ ကျားဖြန့်လုပ်ကိုင်သူတွေကို တန်ပြန်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျားဖြန့်နှိမ် နင်းရေး အထူးတပ်ဖွဲ့ကို အလားတူငွေကြေးပမာဏ ထောက်ပံ့မယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းတွေဟာ လျှော့ပေါ့စွာ စည်းကမ်းသတ်မှတ်ထားသော ကာစီနိုလောင်းကစားရုံတွေ၊ အွန်လိုင်းလောင်းကစားတွေမှ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ပိတ်ဆို့မှုတွေနဲ့ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများအကြား အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ ဝင်ငွေအရင်းအမြစ်တွေ ရှာဖွေခဲ့ကြရာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သိသိသာသာ ကျယ်ပြန့်လာခဲ့ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ထုတ်ပြန်ချက်အရ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်ရာ ရွှေကုက္ကိုလ်ကို ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်၌ မှတ်ပုံတင်ထားတဲ့ Yatai International Holdings Group မှ တည်ထောင်ခဲ့ပြီး မူလက ကာစီနိုလောင်းကစားနေရာအဖြစ် ကြော်ငြာခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် နေပြီဖြစ်ရာ လေ့လာသူတွေဟာ နောက်ဆုံးရ သတင်းတွေအပေါ် တုံ့ပြန်မှုတွေကို သံသယစိတ်နဲ့ စောင့် ကြည့်နေပါတယ်။
ကျားဖြန့်လုပ်ငန်းများမှ ကမ္ဘောဒီးယားနိုင်ငံ ရရှိတဲ့ဝင်ငွေဟာ ဒေါ်လာ ၁၂ ဘီလီယံမှ ၁၉ ဘီလီယံ ကြား ရှိမယ်လို့ အမေရိကန်က ခန့်မှန်းထားပြီး ယင်းပမာဏဟာ နှစ်စဉ် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ယခုလအစောပိုင်းမှာ ယခင်က ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းကို ဦးဆောင်ခဲ့သူ လောင်းကစား ဘုရင် ရှီကျိကျန်းကို ထိုင်းနိုင်ငံက ပေကျင်း၏ တောင်းဆိုမှုအရ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ၎င်းအား ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်က KK Park လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေရှိရာ အဆောက်အအုံ ၁၈၀ ကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်က နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာ ၂,၆၅၃ လုံးနှင့် မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပမာဟာ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရပြီး အဓမ္မ ခိုင်းစေခံနေရသူတွေရဲ့ အနည်းငယ်မျှ သာ ဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ငန်းတွေ ရပ်တန့်သွားခဲ့လျှင်ပင်၊ အပေါ်ပါ မြေပုံတွင် ဖော်ပြထားတဲ့ အတိုင်း ထိုင်းနယ်စပ်အနီးရှိ တိုင်ချန်း (Tai Chang) မှာ ကျားဖြန့်လုပ်ကိုင်ရာ တတိယမြောက် အဓိက အဆောက်အအုံဝင်းတစ်ခု ကျန်ရှိနေသေးပါတယ်။
ရာဇဝတ်ဂိုဏ်းများကို စောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူတွေက ကျားဖြန့်လုပ်ငန်းအားလုံးကို အပြီး သတ် ဖယ်ရှားဖို့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်မယ်လို့ ပြောပါတယ်။ သို့သော် ယခုအချိန်မှစ၍ အခြေ အနေမည်သို့ ရှေ့ဆက်မည်ကိုမူ ပြောဖို့ခက်ခဲပါတယ်။ မြန်မာမှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ထပ်မံ ပေါ်ပေါက်လာဦးမည်လား။
Asia Financial မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Jim Pollard ရဲ့ US Offering Big Money to Nab Southeast Asian Scam Bosses ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။