(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် နှစ်သောင်းကျော်သည် အထွေထွေ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် နှင့် စစ်ဘေးရှောင်တာဝန်ရှိသူများထံမှ သိရသည်။
ဖလမ်းမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ ကလေးမြို့မှ အင်အား ရာချီ၍ စစ်ကြောင်းများ ထိုးစစ်ဆင်လာသည့်အတွက် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲဖြစ်ပွားသည့် အနီးအနားရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ပြည်သူ နှစ်သောင်းကျော်သည် ယခုလ အစောပိုင်းကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။

“အဓိကတော့ ကားလမ်းတွေ အသုံးပြုလို့ မရဘူး ဖြစ်နေတယ်။ လိုချင်တာ သွားယူလို မရဘူးပေါ့လေ။ အခု ဦးစားပေးက အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား လိုအပ်တယ်”ဟု စစ်ဘေးရှောင် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ဘေးရှောင်အများစုသည် တောတောင်နှင့် တောယာများတွင် တိမ်းရှောင်နေရသည့်အတွက် အမိုးအကာ၊ နေရာထိုင်ခင်းနှင့် အနွေးထည် အဝတ်အစား၊ စောင်များ လိုအပ်နေသလို ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
“ဆောင်းဝင်ပြီဆိုတော့ ပိုအေးလာတယ်။ စောင်တွေ၊ အနွေးထည်တွေလိုတယ်။ နောက်ပြီး နေရာထိုင်ခင်းတွေလိုတယ်။ တချို့နေတဲ့နေရာတွေက မလုံဘူး။ မနက်ဆို နှင်းတွေ မိုးရွာသလို ကျတယ်။ ကလေးတွေလည်း များတဲ့အတွက် နှာစေး၊ချောင်းတွေဖြစ်ကြတယ်။ ဖျားနာကြတယ်။ ဒါကြောင့် ဆေးဝါးတွေလည်းလိုတယ်”ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကော်မရှင်တပ်က နေရာယူထားပြီး ဖလမ်းမြို့ကို ဆက်လက် စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်တပ်နှင့် ချင်းကာကွယ်ရေးတပ်တို့ နေရာကွက်ကြား ထိတွေ့မှုရှိနေသေးကြောင်း သိရသည်။
ဖလမ်းမြို့ကို ချင်းညီနောင် (CB) အဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ငါး လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုနှစ် ဧပြီလ ၉ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသည်။