နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာရှိ ကျားဖြန့် (ခ) အွန်လိုင်း ငွေလိမ်ဂိုဏ်းကို လုံခြုံရေးယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၍ တာဝန်ခံကို DKBA က ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရသည်။
ယင်းကျားဖြန့်ဂိုဏ်းကို DKBA ဗိုလ်မှူး စောကျော်ကိုမင်း (ခ) သခွားသီးက တာဝန်ယူ၍ လုံခြုံရေး ပေးနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ပူးပေါင်းအဖွဲ့များ ဝင်ရောက်စီးနင်းပြီးနောက် ထိုင်းဘက်သို့ ထွက်ပြေး သွားသော ၎င်းအား ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင် ဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
DKBA ဗိုလ်မှူး သခွားသီး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က စစ်ကော်မရှင်နှင့် တိုက်ပွဲဖြစ်ပွားနေသော KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကို ယင်းနေရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဝင်စီးခံရခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“DKBA တပ်ဖွဲ့ဝင်တွေက ကျားဖြန့်လုပ်တယ်ဆိုတာကို သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်သွားတော့ သူ့ကို (ဗိုလ်မှူး သခွားသီး) ထုတ်ပြီး အရေးယူလိုက်တာ။ သူက အဲဒီနေ့ကတည်းက မရှိတော့ဘူး၊ ထွက်ပြေးသွားပြီ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။
ထို့နောက် DKBA ၏ ထုတ်ပြန်ချက်တွင်မူ လက်အောက်ခံ အမှတ် ၉၀၅ တပ်ရင်း၌ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ပြန်တမ်းဝင်ကိုယ်ပိုင်အမှတ် က/၀၈၀၆ ဗိုလ်မှူး စောကျော်ကိုမင်း (ခ)သခွားသီးသည် စစ်စည်းကမ်းများ ဖောက်ဖျက်သည်ဟု ဖော်ပြထားသည်။
၎င်းသည် အဖွဲ့အစည်းမှ ချမှတ်ထားသော စစ်စည်းကမ်းပုဒ်မ (၂) အရ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း၊ စစ်စည်းကမ်းပုဒ်မ (၁၃) အရ ပေးအပ်ထားသော တာဝန်ထက် ကျော်လွန်လုပ်ဆောင်ခြင်းတို့ကြောင့် ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း DKBA က ဆိုသည်။
အလားတူ DKBA က ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း နိုင်ငံခြားသားများ၊ အထူးသဖြင့် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသူ မည်သူ့ကိုမဆို ဖမ်းဆီး၍ အရေးယူသွားမည်ဟု ယမန်နေ့တွင်ပင် ထုတ်ပြန်ခဲ့ပြီး လက်ရှိ၌ မင်းလက်ပံဆိုဒ်များမှ ထွက်ခွာနေကြောင်း သိရသည်။
အဆိုပါအခြေအနေ ကိစ္စရပ်များနှင့် ပတ်သက်၍ DKBA ခေါင်းဆောင်များကို မေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက တယ်လီဖုန်းဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် ဆက်သွယ်ခဲ့သော်လည်း လက်ရှိတိုင် ဖုန်းကိုင်ဖြေဆိုခြင်း မရှိသေးပေ။
ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း မင်းလက်ပံရွာရှိ ကျားဖြန့်ဂိုဏ်းကို ဝင်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော် လက်နက်ချ၍ ငွေလိမ်လုပ်ငန်း အသုံးပြုသည့် ကွန်ပျူတာနှင့် စက်ပစ္စည်းများ သိမ်းဆည်းရမိသလို နိုင်ငံခြားသားများ ဖော်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင် DKBA အဖွဲ့အစည်းနှင့် ခေါင်းဆောင် လေးဦးတို့ကို ကျားဖြန့်လုပ်ငန်းများ၌ ပံ့ပိုးခြင်း၊ လူကုန်ကူးမှု ကွန်ရက်တွင် ပါဝင်ခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC)က စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။
ဓာတ်ပုံ-DKBA