ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်တွင် ဒုရဲအုပ်နှင့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးသွားကြောင်းသိရသည်။
ကြို့ပင်ကောက်၊ သဲကုန်းရပ်ကွက်ထိပ်၌ ဒုရဲအုပ်ကျော်ဇင်ထွန်းဦးဆောင်ကာ ပြည်သူ့စစ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်အစောပိုင်းက ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေစဉ် တော်လှန်ရေးရဲဘော်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
“ဒုရဲအုပ်ကျော်ဇင်ထွန်းရယ် ဒုရဲတပ်ကြပ်နဲ့ ပြည်သူ့စစ်လေး ဦးစုစုပေါင်းခြောက်ဦး စစ်ဆေးရေးလုပ် နေတာ။ ဝင်ပစ်တဲ့အချိန်မှာ ဒုရဲအုပ်ကထွက်ပြေးသွားလို့ လွတ်သွားတာ။ ဒုရဲတပ်ကြပ်နဲ့ ကျန်တဲ့ လေးယောက်လုံးသေတယ်” ဟု ကြို့ပင်ကောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပဲခူးတိုင်းအနောက်ခြမ်းအတွင်းရှိ ဇီးကုန်းနှင့်ကြို့ပင်ကောက်တွင် နှစ်ရက်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်၊ လက်အောက်ခံရဲဝန်ထမ်းနှင့် ပြည်သူ့စစ် စုစု ပေါင်း ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ဇီးကုန်းမြို့ရှိ KTV အတွင်း ပျော်ပါးနေသည့် စစ်ကော်မရှင် တပ်နှင့်ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ငါး ဦးသေဆုံးခဲ့ပြီး ၎င်းတို့၏လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဇီးကုန်းက အုပ်ကြီးပျူခေါင်းဆောင်ရဲ့ညီပါတယ် သေတဲ့အထဲမှာ။ KTV မှာ မူးယစ်ပြီး ပျော်ပါး နေကြတာ။ နေရာမှာတင် ငါး ယောက်သေတာ”ဟု ဇီးကုန်းမြို့နေပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြို့ပင်ကောက်မြို့အတွင်း ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ အဖွဲ့အစည်းမှ တရားဝင်သတင်းပြန်ခြင်းမရှိသေးပေ။