ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မြန်မာစာပေလောကနှင့် ပညာရေးလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် နိုင်ငံကျော် စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် အသက် (၉၀) နှစ်သည် ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။
ဆရာကြီးသည် ၁၉၅၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မုံရွာမြို့၊ အထက (၂) ကျောင်းမှ ဝင်ရောက်ဖြေဆိုခဲ့ရာ တစ်နိုင်ငံလုံး၌ တစ်ဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့သော ကြောင့် “ဂုဏ်ထူးဦးသိန်းနိုင်” ဟူသော အမည်ဖြင့် ထင်ရှားခဲ့သူဖြစ်သည်။

ဂုဏ်ထူးဦးသိန်းနိုင်သည် မန္တလေးဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ် တို့တွင် မြန်မာစာပေ သင်ကြားပို့ချခဲ့သူဖြစ်သည်။ ထို့ပြင် မန္တလေးမြို့တွင် “စေတနာ” အမည်ဖြင့် မြန်မာစာသင်တန်းဖွင့်လှစ်ကာ ဆယ်စုနှစ်များစွာကြာ သင်ကြားပေးခဲ့ရာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများစွာ ပေါ်ထွန်းခဲ့ပြီး မန္တလေးသားတို့၏ နှုတ်ဖျားတွင် “စေတနာဆရာ ဦးသိန်းနိုင်” ဟူ၍ ယနေ့တိုင် လေးစားချစ်ခင်ခြင်း ခံရသူဖြစ်သည်။
ထို့ပြင် မြန်မာစာသင်ယူသူ ကျောင်းသားတိုင်း လေ့လာဖတ်ရှုရသည့် မြန်မာစာပြဋ္ဌာန်းစာအုပ်များကို လွယ်ကူရိုးရှင်းစွာ လေ့လာနိုင်ရန် အထောက်အကူပြု စာအုပ်များ၊ စာစီစာကုံးစာအုပ်များကို ရေးသား ပြုစုခဲ့ရာ စာသင်သားများအကြား အလွန်ထင်ရှားခဲ့သည်။

ဆရာကြီးသည် အသက် ၁၇ နှစ်သားအရွယ်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားဘဝ ကတည်းက စာပေပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးသိန်းဖေမြင့် ကိုယ်တိုင်ချီးမြှင့်သည့် “စာဆိုမောင်ဆု” ကို ရရှိခဲ့သည်။ ထို့နောက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများစွာကို ရေးသားခဲ့သည်။
စာပေဆိုင်ရာ ထူးချွန်မှုများအနေဖြင့် ၁၉၆၃ ခုနှစ်တွင် “မြန်မာ့ဇာတ်သဘင်သမိုင်း” စာအုပ်ဖြင့် အနုပညာစာပေ တတိယဆုကို လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် “မြန်မာ့ရုပ်စုံသဘင်” စာအုပ်ဖြင့် အမျိုးသားစာပေဆုကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်၌ ထုတ်ဝေခဲ့သော “မြန်မာစာဋီကာ” ကျမ်းသည် ပြည်ပတက္ကသိုလ်အချို့၌ မြန်မာစာသင်ကြားရာတွင် ပြဋ္ဌာန်းစာအုပ်အဖြစ် အသုံးပြုရသည် အထိ ခိုင်မာသော ကျမ်းတစ်စောင်ဖြစ်သည်။
ဆရာကြီးကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆင်ကျွန်းကျေးရွာ၌ မြန်မာတိုင်းရင်းသမားတော်ကြီး ဦးဓနနှင့် မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့က ၁၉၃၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့က မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်