ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

 

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြား သားများ၊ အထူးသဖြင့် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် မည်သူကိုမဆို ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ယခုထုတ်ပြန်ချက်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာအတွင်းရှိ DKBA တပ်ဖွဲ့ လုံခြုံရေးယူထားသည့် ကျားဖြန့်လုပ်ငန်းခွင် ကို ကရင်အမျိုးသားအစည်းအရုံး (KNU) KNLA တပ်မဟာ (၆) ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ကာ DKBA တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

DKBA ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) မှ ထုတ်ပြန်သည့် ကြေညာချက်အတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ DKBA နယ်မြေအတွင်း သတ်မှတ်ချက်မရှိဘဲ နိုင်ငံခြားသားများကိုသယ်ဆောင်ခြင်းအား စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူ မည်ဟု တိကျစွာ ဖော်ပြထားသည်။

 

အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့ ကျင်းပပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (CEC) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

DKBA က ထိုသို့ ထုတ်ပြန်ထားသော်လည်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC) သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့က DKBA အဖွဲ့အစည်းနှင့် ခေါင်းဆောင်များဖြစ်သော စောစတီးလ်၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှ တို့ကို ကျားဖြန့်လုပ်ငန်းများတွင် ပံ့ပိုးခြင်း၊ လူကုန်ကူးမှု ကွန်ရက်တွင် ပါဝင်ခြင်းတို့ကြောင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

ဓာတ်ပုံ-DKBA (ပုံဟောင်း)