ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

 

ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်ဒေသ ၁၀ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ဒေသခံပေါင်း နှစ်သန်းနီးပါး ထိခိုက်နစ်နာခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများက ရေးသားဖော်ပြသည်။

 

လက်ရှိတွင် ဆုန်ခလာ၊ စူရတ်ဌာနီ၊ ကရာဘီ၊ နခွန်စီသမ်မရတ်၊ ထရန့်၊ ဖက်သလွန်၊ ဆတွန်၊ ပတ်တနီ၊ ယာလာ နှင့် နရာသီဝပ် ခရိုင်များအတွင်း ရေ‌ကြီးရေလျှံမှုမှာဆက်လက် မြင့်တက်လျက်ရှိပြီး ဆုန်ခလာခရိုင်တစ်ခုလုံးကို ‌သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ယနေ့နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။

 

ဆုန်ခလာခရိုင်ရှိ ဒေသခံအားလုံးကို သက်ဆိုင်ရာအစိုးရဌာနများက အလျင်အမြန်ပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့ကြောင်းလည်း သိရသည်။

 

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန(DDPM)ကလည်း ဆုန်ခလာခရိုင်ရှိ ဟတ်ယိုင်မြို့နယ်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ်မှာ အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

 

ဟတ်ယိုင်မြို့နယ်မှာ ရေဘေးသင့်ဒဏ်ကိုတစ်မြို့လုံးစာ အဆိုးရွာဆုံးခံနေရပြီး မြို့တွင်းရှိ နိုင်ငံခြားသားခရီးသွား ၄၀၀ ကျော်ကိုလည်း ဟိုတယ်တာဝန်ရှိသူများ၊ သက်ဆိုင်ရာသံရုံးများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ လုံခြုံရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်းလည်း သိရသည်။

ဒေသခံများကို အရေးပေါ်ကူညီရန် စစ်တပ်၊ ရဲ၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများ ‌နှင့် ညှိနှိုင်းဆောင်ရွက်ကာ အကူအညီလိုအပ်နေသူများထံ ကူညီမှုများ ပြုလုပ်ကြရန် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။

 

အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းခရိုင် ၁၁ ခုတွင်လည်း မြစ်ရေလျှံမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး လူဦးရေ ငါး သိန်းနီးပါး ရေဘေးဒဏ်သင့်နေကြောင်း သိရသည်။