နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
မြန်မာ့အရေးကို ကူညီထောက်ပံ့ပေးမည့် အမေရိကန်နိုင်ငံ၏ Burma Act ဥပဒေ ပြန်လည်အသက်ဝင်လာမှုသည် တော်လှန်ရေး အင်အားစုအတွက် ရလဒ်ကောင်းဖြစ်ပြီး စစ်ကော်မရှင်အပေါ် ဖိအားပေးမှုများ ပိုမိုလုပ်လာနိုင်ဟု နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
အမေရိကန်သမ္မတ ထရမ့်တက်လာပြီးနောက် ကူညီထောက်ပံ့ပေးမှုများ ပိတ်ပင်လျော့နည်းသွားသည့် မြန်မာ့အရေးနှင့် ပတ်သက်၍ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ ပူးတွဲဆပ်ကော်မတီက ယခုရက်ပိုင်း ကြားနာပွဲတစ်ရပ် ကျင်းပခဲ့သည်။
စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် နိုင်ငံတကာထံမှ နိုင်ငံရေး အသိအမှတ်ပြုမှုများ ရရှိစေရန်အတွက် နည်းမျိုးစုံ လုပ်ပြနေသော်လည်း ယုံကြည်မှုမရှိသလို ယခုကြားနာပွဲသည်လည်း ၎င်းတို့အား ပိုမိုဖိအားပေး ရိုက်ခတ်လာစေနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များထံက သိရသည်။
အဆိုပါကြားနာပွဲကို အမေရိကန် အောက်လွှတ်တော် တောင်အာရှနှင့် ဗဟိုအာရှရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပညာရှင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်၍ Burma Act ကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်အစိုးရ၏ လက်ရှိမူဝါဒကို ပြန်လည်သုံးသပ်၍ စစ်ကော်မရှင်အား ဖိအားပေးရန်နှင့် ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံရန်မဟာဗျူဟာအသစ် လေးချက်ချမှတ်ပြီး Burma Act အတည်ပြုပေးရေး အမေရိကန်သမ္မတ ထရမ့်အစိုးရကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆွေးနွေးခဲ့သည့် အမေရိကန် အောက်လွှတ်တော် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီသည် မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုများအပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုများ ရှိသည်။
“ဒါကြောင့် အခုကော်မတီရဲ့ ဆွေးနွေးမှုဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပိုမိုနီးကပ်လာမယ်လို့ ထင်ပါတယ်” ဟု နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူ ဦးဝင်းမင်းက ဧရာဝတီတိုင်းမ်ကို ထောက်ပြပြောပြသည်။
ယင်းအပြင် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမည့် ဖီလစ်ပိုင်ကလည်း အမေရိကန်၏ မဟာမိတ်ဖြစ်၍ မြန်မာ့အရေးကို အာဆီယံမှတစ်ဆင့် (သို့မဟုတ်) တိုက်ရိုက်ဖြစ်စေ ပိုမိုပါဝင် ဆောင်ရွက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
အမေရိကန် လွှတ်တော်သည် မြန်မာ့အရေး ကူညီထောက်ပံ့ရန် Burma Act ပါဝင်သော အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ကို ရေးဆွဲ၍ ယခင်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။
သို့သော် အမေရိကန်၏ ဘတ်ဂျက်အကျပ်အတည်းများနှင့် အစိုးရသစ် အပြောင်းအလဲများကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် ပေးအပ်ရမည်ဖြစ်သော်လည်း ယနေ့ထိတိုင် ကြံ့ကြာနေခြင်းဖြစ်သလို ထို Burma Act ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ပံ့ပိုးကူညီရန် ပါရှိသည်။
ယင်းအပြင် ကြားနာပွဲမှ ချမှတ်တိုက်တွန်းထားသော အချက်လေးချက်တွင် Burma Act အရ ကူညီပေးရန်အပြင် စစ်ကော်မရှင်၏ စီးပွားရေးကို ပစ်မှတ်ထားရန်နှင့် မြန်မာနိုင်ငံဆိုင်ရာအဆင့်မြင့် အမေရိကန် အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။