ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

ဧရာဝတီတိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အများဆုံးရှိကာ ယင်းလုပ်ငန်းများ စနစ်တကျတိုးချဲ့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေတက္ကသိုလ် ( မအူပင်) ကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယခုနှစ်အသစ်ဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်သည် ကွန်ပြူတာက္ကသိုလ်(မအူပင်) အနောက်ဘက်တွင်တည်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကစိုက်ပျိုးမွေးမြူရေးကို အခြေခံထားသည့်နိုင်ငံဖြစ်ကာ နိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းက ယင်းလုပ်ငန်းများလုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှ ဝင်ငွေတိုးတက်မည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

အဆိုပါမအူပင်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် မဟာဌာနကြီး ၁၃ ခု၊ မွေးမြူရေးပညာနှင့်သက်ဆိုင်သည့်မဟာဌာနကြီး ၁၂ ခု၊ အခြေခံဝိဇ္ဇာသိပ္ပံပညာရပ်ဌာန ၃ ခုပါဝင်ဖွဲ့စည်ထားကြောင်း၊ နှစ်စဉ်စိုက်ပျိုးရေးမွေးမြူရေးပညာရှင် ၃၀၀ ဦးစီ မွေးထုတ်မည်ဟုဆိုသည်။

ဧရာဝတီတိုင်းဒေသ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်( မအူပင်)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (မအူပင်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်) နှင့် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ် ( မအူပင်) တို့ရှိကြောင်းသိရသည်။

ယခင်နှစ်များကတည်းက စိုက်ပျိုးရေးနှင့်ပတ်သက်သော တက္ကသိုလ်များတွင် ကျောင်းတက်ခွင့်ရရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်မြင့်မြင့်ဖြင့် အောင်ရမည်ဟုသတ်မှတ်ထား၍ တောင်သူလယ်သမား၏ သားသမီးများတက်ရောက်နိုင်သူနည်းပြီး မိရိုးဖလာနည်းလမ်းများဖြင့် စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။