(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်ကျေးရွာတွင် အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူဟု သံသရှိသူသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာမှ အသက် (၄၆) နှစ်အရွယ် ဦးထွန်းလှိုင်ဟု သိရ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ငါးနာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မိန်းကလေး ရွာထဲလမ်းလျှောက်ရင်း အမျိုးသားက ရွာမြောက်ပိုင်းကို ခေါ်သွားတယ်။ အဲတောစပ်တစ်နေရာမှာ အဓမ္မပြုကျင့်ခံရတာ အဲလောက်ပဲ သိရသေးတယ်။ မိသားစုဝင်တွေက AA ဆီမှာ တိုင်ကြားထားတယ်”ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားခဲ့သော သံသယရှိသူ ဦးထွန်းလှိုင်ကို ၁၀ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာရက္ခတပ်တော် (ULA/AA) က လိုက်လံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဒေသတွင်း မတည်ငြိမ်မှုကို အခွင့်ရေးယူပြီး ကျူးလွန်ခြင်းဖြစ်ပြီး ကျူးလွန်သူများကို အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းနှင့် အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကြိုတင် ကာကွယ်ပေးရန် လိုအပ်သလို ဥပဒေများလည်း ချမှတ်ပေးရန် အထူးလိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက တိုက်တွန်းထားသည်။
“မုဒိမ်းမှုက ပလက်ဝဒေသလိုမျိုး မတည်ငြိမ်တဲ့နေရာတွေမှာ ပိုများတယ်။ ကျူးလွန်ဖို့လည်း လွယ်ကူတယ်။ ဒါကြောင့် အဲဒီဒေသမှာရှိတဲ့အဖွဲ့အစည်းတွေက မုဒိမ်းမှုနဲ့ပတ်သက်ပြီး နောက်ထပ်မဖြစ်အောင် အပြစ်ပေးအရေးယူတာမျိုး လုပ်ရမှာဖြစ်သလို ကြိုတင်ကာကွယ်မှုတွေလည်း လုပ်ပေးရမယ်။ နောက် ဥပဒေတွေလည်း ချမှတ်ပေးရမယ်။ မုဒိမ်းမှုကို ကာကွယ်ဖို့ လူတိုင်းအားလုံးနဲ့သက်ဆိုင်တယ်”ဟု အမျိုးသမီးအရေး လှုပ်ရှားသူ ချင်းအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလတုန်းကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ယာခင်းသွားသည် အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်နှစ်ဦးမှ အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့သည်။
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ပြီးနောက် အမျိုးသမီး ခြောက် ဦးထက်မနည်း အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီးနှစ်ဦးသည် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်။