ဧရာ၀တီတိုင်းမ်
(တောင်ငူ) နိုဝင်ဘာ ၂၄ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် အမျိုးသားတစ်ဦးသည် လမ်းဘေး ရေတွင်းတွင် ခြေထောက်ဆေးကြောရာမှ မြေမြှုပ်မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

မိုင်းထိမှန်သူမှာ သက်ကယ်ကုန်းကျေးရွာမှ ကိုဇင်မင်းဝေ ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က ဇရပ်ကြီးမြို့သို့ ဈေးဝယ်ထွက်စဉ် ဇရပ်ကြီးမြို့ မရောက်မီ ရွာအထွက် လမ်းဘေးရှိ ရေတွင်းတွင် ခြေထောက်ရေဝင်ဆေးရာမှ မိုင်းပေါက်ကွဲမှုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ကိုဇင်မင်းဝေသည် မိုင်းထိဒဏ်ရာကြောင့် ညာဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ဇရပ်ကြီးဆေးရုံမှ တစ်ဆင့် တောင်ငူဆေးရုံသို့ ရောက်ရှိကာ ဆေးကုသမှု ဆက်လက် ခံယူနေဆဲ ဖြစ်သည်။

တောင်ငူဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ခေတ္တငြိမ်သက်လျက်ရှိနေသော်လည်း ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်း အန္တရာယ်ကို ဆက်လက်ခံစားနေရသည်။ တောင်ငူမြို့သို့ ရောက်ရှိလာသည့် ဒေသခံ မိုင်းထိလူနာသည် တစ်နှစ်အတွင်း လေးဦးအထိ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပုံစာ-မိုင်းထိမှန်၍ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူ ကိုဇင်မင်းဝေ