ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ရက်
ခင်ဦးမြို့နယ်တွင် စစ်ေကာ်မရှင် ၏ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကော်မရှင် တပ်များ အများအပြား သေဆုံးပြီး စစ်ကြောင်း တပ်ပျက်ကာ ကစဥ့်ကလျားဖြင့် ထွက်ပြေးရကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁၂ နာရီ အခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်အထိုင်ချပြီး ပျဥ်ထောင်ပျူရွာသို့ ထွက်လာသော စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန် သည်။

ကန့်ဘလူမှ နည်းဗျူဟာ ၃၃၂၊ ခမရ ၁၁၁၊ ကန့်ဘလူ ပျူစောထီး စုစုပေါင်း ခန့်မှန်းအင်အား ၁၈၀ ခန့်ကို မုံလှမှ ပျဥ်ထောင် (ပျူရွာ)သို့ အသွား လမ်းခုလတ် တစ်နေရာတွင် စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ညနေဘက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သေးတယ်။ ကျွန်တော်တို့ဘက်က ဘာမှမဖြစ်ပါဘူး” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)ပကဖများ၊ ခင်ဦးမြို့နယ် ပလဖ ပူးပေါင်းအင်အားတို့ကတိုက်ခိုက်ခဲ့ရာ အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှအများအပြား သေဆုံးပြီးနောက် စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်ကာ အလောင်းများ ချန်ထားခဲ့၍ ကစဥ့်ကလျားဖြင့် ၎င်းတို့ ယာယီအထိုင်ချရာ မုံလှရွာ အတွင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။
တော်လှန်ရေး အင်အားစုများဘက်မှ ထိခိုက်မှု လုံးဝ မရှိဘဲ လက်နက်ခဲယမ်းများကို သိမ်းဆည်း၍ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲတွင် စစ်ကောင်စီဆီမှ ငါးကြင်းမှီး တစ်လက်၊ MA-1 ၁၀ လက်၊ MA-2 သုံးလက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း တစ်လက်၊ MA-3 သုံးလက်၊ MA-4 တစ်လက်၊ G-3 လေးလက်၊ MAS Sniper တစ်လက်၊ M1-ငါးလက်နှင့် ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့သည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး