ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို ရာထူးမှယာယီရပ်ဆိုင်းပြီး စုံစမ်းစစ် ဆေးမည်ဖြစ်ကြောင်း NUG က ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ဒေါ်ကြည်ပြာနှင့်ခင်ပွန်းဖြစ်သူတို့သည် ရုံးဝန်ထမ်းများအပေါ် အာဏာပြခြင်း၊ ဖိနှိပ်ခြင်းနှင့် လာဘ်စားမှုများဖြင့်တိုင်ကြားခံထားရသူဖြစ်သည်။
နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌတို့ထံလိပ်မူထားသော အဆိုပါတိုင်စာသည် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ မေးလ်သို့ ရောက်ရှိလာခြင်းမရှိသော်လည်း နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတထံ ရောက်ရှိသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းရန် နိုဝင်ဘာ ၂၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာကို တိုင်ကြားတာနဲ့ပတ်သက်ပြီး NUGအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ကို ကျွန်တော် ၊ ကျွန်မတို့မှဝမ်းသာစွာကြိုဆိုပါတယ်။ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၏ စုံစမ်းစစ်ဆေးမှုမှာ အပြည့်အဝပူးပေါင်းပါဝင်သွားမယ် ” ဟု ဒေါ်ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများက ရေးသားထားသည်။
ထို့ပြင်တိုင်ကြားသူများ၊ တိုင်ကြားခံရသူများ၊ နှစ်ဖက်သက်သေတင်ပြမှုများရှိပါက တင်ပြသည့် သက်သေများ၊ စစ်ဆေးရန်လိုအပ်သည့်သက်သေများကို ခေါ်ယူပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဆုံး လုပ်ဆောင်မည်ဖြစ်ကြောင်း NUG ထံမှ သိရသည်။
လက်ရှိတွက်လုပ်ငန်းများ စတင်နေပြီဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၍ တွေ့ရှိချက်များ၊ အကြံပြုချက်များကို ဝန်ကြီးချုပ်ထံပို့မည်ဖြစ်ကြောင်းသိရသည်။
NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့စစ်ဆေးအရေးယူပေးရန် နိုဝင်ဘာလ ၁၉ ရက်နေ့က တိုင်ကြားစာရခြင်းဖြစ်ကြောင်း NUG ဆိုထားသည်။
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို တိုင်ကြားသူများသည် ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးမှ ဝန်ထမ်းဟောင်း ၁၂ ဦးဖြစ်ပြီး CDM ဝန်ထမ်း ငါးဦး၊ NLD ပါတီဝင် နှစ်ဦး၊ နိုင်ငံရေးအကျဉ်းသား တစ်ဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လေးဦးပါဝင်ကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်