‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၂၄ရက်

‎စစ်ကော်မရှင်တပ်များ ပိတ်မိနေသည့် မကွေးတိုင်း၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို ပို့သမျှ စစ်ကူအင်အားပြုန်းတီးပြီး ထွက်ပြေးမှုများနေ၍ စည်းရုံးရေးဆင်းရသည့် အခြေအနေ ရောက်ရှိ နေကြောင်း သိရသည်။

‎နောင်ချိုမြို့နယ်၊ တောင်ခမ်းအမြောက်တပ်များ တိုက်ပွဲတွင် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် ဗိုလ်မှူးချုပ် နိုင်ဦးကိုယ်တိုင် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ -၉၀၅) ကိုလာရောက်၍ နတ်ရေကန်သို့ပို့မည့် စစ်ကူများကို ထွက်မပြေးကြရန် စည်းရုံးရေးဆင်းနေရကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

‎နတ်ရေကန်အနီး ကျေးရွာများနှင့် နတ်ရေကန်သို့တက်သည့် လမ်းကြောင်းနှစ်ခုလုံးတွင် အာရက္ခ တပ်တော် (AA) နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက်နေ့က မစခ-၉၀၅ အတွင်းမှနေ၍ အင်အားအပြည့်ဖြင့် အရပ်သုံးကား ငါးစီးသည် ဇင်ပြွန်းမှ တစ်ဆင့် နတ်ရေကန်ဘက်ကို လမ်းဟောင်းအတိုင်းတက်သွားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်မှစ၍ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅မှနေ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှု ပြုလုပ် ခဲ့ပြီး ယင်းနေ့တွင်ပင် ‎မစခ-၉၀၅ အတွင်းကို အရပ်သုံးကား သုံးစီး အင်အားအပြည့် ဝင်ရောက် တပ်ဖြည့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

‎ပုသိမ်- မုံရွာလမ်းပေါ် ကန်တုတ်လမ်းဆုံ၊ ဆူးပတောင်းကျေးရွာအနီးတွင်မူ အင်အား ၄၀ခန့်ဖြင့် လှုပ်ရှားနေသည့် စစ်ကော်မရှင်တပ် ဆက်လက်အခြေပြုလျက်ရှိသည်။

‎စစ်ကော်မရှင်သည် နတ်ရေကန်ဗျူဟာကုန်းအတွင်း ပိတ်မိနေသူများထံ ရိက္ခာနှင့် ခဲယမ်းပို့ရန်အတွက် မြေပြင်စစ် ကြောင်းအပြင် လေကြောင်းပါ အသုံးပြုခဲ့သော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။ ထို့အတူ ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာအနီးတို့တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကော်မရှင် ပို့သမျှစစ်ကူများမှာ ဂုတ်ကြီးဂိတ်စခန်းကို မကျော်နိုင်ဘဲ ကြားဖြတ်တိုက်ခိုက်ခံနေရကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။