ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၂၃ ရက်)

“ဝလာလိုက်တာ”၊ “အဆီအခေါက် ထူနေပြီ”၊ “အသားတွေ မဲသွားတယ်နော်” ဆိုတဲ့ စကားလုံးတွေကို နှုတ်ဆက်စကားလုပ်ပြီး ပြောနေတာဟာ ယဉ်ကျေးမှု မရှိတဲ့ အပြုအမူဆိုတာကို ကျွန်တော်တို့ လူ့အသိုက်အဝန်းက လက်မခံနိုင်သေးပါဘူး။

မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ခန္ဓာမှာ ဖြစ်နေတာတွေကို ထောက်ပြပြီး စိတ်မလုံခြုံ၊ အရှက်ရအောင် ခန္ဓာကိုယ် ကဲ့ရဲ့ရှုတ်ချတဲ့ (Body Shaming) အပြုအမူကို ပုံမှန်လို ကျင့်သုံးနေကြတာက စိတ်ပျက်စရာပါ။ ဒါကြောင့် အများဆုံး ခွဲခြားဆက်ဆံခံရတဲ့ အဝလွန်သူတွေမှာ ကြုံတွေ့နေရတဲ့ ခန္ဓာကိုယ် အပြောင်း အလဲတွေကို သိရှိနားလည်နိုင်ဖို့ အဆီပြင်နဲ့ ကျန်းမာရေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

🟥အဆီဆိုတာဘာလဲ၊ဘာတွေလုပ်ပေးလဲ

ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ အဆီဆိုတာ စွမ်းအင်သိုလှောင်တဲ့ နေရာပါပဲ။ လူ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ Adipocytes လို့ခေါ်တဲ့ အဆီဆဲလ်တွေနဲ့ အဓိက ဖွဲ့စည်းထားတဲ့ Adipose Tissue (အဆီတစ်ရှူး) တွေကို ကျွန်တော်တို့ ခန္ဓာကိုယ်အဆီအဖြစ် တွေ့ရပါတယ်။

အဆီတွေက စွမ်းအင် သိုလှောင်ရုံတင်မကဘဲ၊ ဟော်မုန်းတွေ ထုတ်လုပ်တဲ့ ကိုယ်အင်္ဂါတစ်ခုလိုပါ အလုပ်လုပ်ပေးပါတယ်။ အစာများများ စားလိုက်လို့ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို Triglycerides လို့ခေါ်တဲ့ အဆီပုံစံနဲ့ သိုလှောင်ထားပြီး၊ လိုအပ်လာရင် စွမ်းအင်အဖြစ် ပြန်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဝနေတဲ့သူတွေ ပိန်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေရမှာ ဖြစ်ပါတယ်။

အဆီပြင်က အပူဓာတ် ထိန်းညှိပေးပါတယ်။ ဆောင်းတွင်းနှင့် ချမ်းအေးတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်အပူ ဆုံးရှုံးမှုကိုနည်းစေဖို့ အဆီတွေက အပူကာပစ္စည်းတစ်ခုလို့အသုံးဝင်ပါတယ်။ အရေးကြီးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ပြင်ပဖိအားနဲ့ဒဏ်‌တွေ သက်ရောက်လာတာကနေ အဆီပြင်က ကာကွယ် ပေးထားပါ သေးတယ်။

Leptin(ဆာလောင်မှုထိန်းချုပ်တဲ့ ဟော်မုန်း)၊Adiponectin (အင်ဆူလင်ထိန်းညှိတဲ့ ဟော်မုန်း) စတဲ့ ဟော်မုန်းများစွာကို ထုတ်လုပ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အဆီပြင်က ထိန်းချုပ်ပေးပါတယ်။

🟥အဆီအမျိုးအစားနှင့် ဝလာပုံ

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အညိုရောင်အဆီတစ်ရှူး (Brown Adipose Tissue) နဲ့ အဖြူရောင်အဆီ တစ်ရှူး (White Adipose Tissue) ဆိုပြီး အဆီတစ်ရှူး အမျိုးအစား နှစ်ခုရှိပါတယ်။

အညိုရောင်အဆီတစ်ရှူးက စွမ်းအင်ကို လောင်ကျွမ်းစေပြီး အပူဓာတ်ထုတ်လုပ်ပေးပါတယ်။ ကလေး ငယ်တွေမှာ တွေ့ရပိုများပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ Brown fat အညိုရောင်အဆီပြင် ကြောင့် နွေးထွေးနေရတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ‌ တွေ့ရနည်းပါးပါတယ်။

အဖြူရောင်အဆီတစ်ရှူး က စွမ်းအင်ကို အဓိက သိုလှောင်ပေးပြီး ခန္ဓာကိုယ်ရဲ့ အဆီအများစု ဖြစ်ပါတယ်။အဆီတက်တယ်ဆိုတာ အဖြူရောင်အဆီ အရေပြားအောက်မှာ အများကြီးဖွဲ့စည်းလာ တာကိုပြောတာပါ။ ကယ်လိုရီ ပိုလျှံနေတဲ့အခါ အဖြူရောင်အဆီတစ်ရှူးတွေ နည်းလမ်းနှစ်မျိုးနဲ့ တိုးလာပြီး လူကို ဝ လာစေတာဖြစ်ပါတယ်။

-ဆဲလ်အရွယ်အစားကြီးလာခြင်း (Adipose Cell Hypertrophy)၊ ရှိပြီးသား အဆီဆဲလ် (Adipocytes) တွေဟာ ပိုလျှံနေတဲ့ အဆီတွေကို သိုလှောင်ပြီး အရွယ်အစား ကြီးလာပါတယ်။

-ဆဲလ်အရေအတွက် ထပ်များလာခြင်း(Hyperplasia)၊ နောက်ထပ်အဆီဆဲလ်အသစ်တွေ ထပ်မံ ဖြစ်ပေါ်လာဖို့ကိုလည်း အားပေးပါတယ်။

🟥အဆီလွန်ကဲရင် ဘာတွေဖြစ်လာမလဲ

ဝ လာတဲ့အခါ အဆီတစ်ရှူးတွေမှာ ပိုလျှံတဲ့ စွမ်းအင် (ကယ်လိုရီ) တွေကို အဆက်မပြတ် သိုလှောင် ပါတယ်။ အဆီဆဲလ်တွေ အရမ်းကြီးလာတဲ့အခါ ဒါမှမဟုတ် အဆီတွေက ခန္ဓာကိုယ်တွင်း အင်္ဂါတွေ ပတ်ပတ်လည်၊ အသည်းနဲ့ ကြွက်သားတွေမှာ စုပုံလာတဲ့အခါ၊ အဆီတစ်ရှူးရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပုံမှန်မဟုတ်ဘဲ ချို့ယွင်းစေပါတော့တယ်။

ပုံမှန်မဟုတ်တဲ့ ဟော်မုန်းတွေ၊ ဓာတ်တွေ ထုတ်လုပ်လာပြီး ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ဒီရောင်ရမ်းမှုဟာ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း၊ အချို့သောကင်ဆာရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ထိန်းချုပ်ပေးနေတဲ့ အင်ဆူလင် ဟော်မုန်း ရဲ့ လုပ်ဆောင်မှုကိုလည်း အနှောင့် အယှက်‌ ပေးတာကြောင့်အင်ဆူလင်ကို တုံ့ပြန်နည်းပြီး ဆီးချိုရောဂါ (Type 2 Diabetes) ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

အဆီများခြင်းကြောင့် သွေးတွင်း သကြားဓာတ်၊ ကိုလက်စထရောနှင့် (Triglycerides)အဆီ များ မြင့်တက်လာပြီး သွေးကြောနံရံများ ထူလာခြင်း၊ မာလာခြင်း (Atherosclerosis) ဖြစ်လာရပါတယ်။ အဝလွန်သူမှာ လေဖြတ်ခြင်း နှလုံးရောဂါများ ယှဉ်တွဲရခြင်းအကြောင်းရင်းလည်းဖြစ်ပါတယ်။

သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ ဝမ်းဗိုက်ပတ်လည်အဆီများခြင်း စတဲ့ ရောဂါလက္ခဏာစု (Metabolic Syndrome) ကိုလည်းဖြစ်စေပါတယ်။ခန္ဓာကိုယ် စနစ်တစ်ခုလုံးကို ပျက်စီးစေပြီး အသည်းအဆီဖုံးရောဂါ (NAFLD) အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis) တို့ကို ဖြစ်ပေါ်စေပါတယ်။

ဦးနှောက်က ဆာလောင်မှုကို ထိန်းချုပ်ဖို့အတွက် ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ အရေးကြီးတဲ့ Leptin ဟော်မုန်းအလုပ်လုပ်ခြင်းကိုနှောက်ယှက်တားဆီးခံလိုက်ရပါတယ်။ ဟော်မုန်း တုံ့ပြန်မှု ပျက်ယွင်းပြီး အစားကို ပိုစားချင်စိတ် ဖြစ်ပေါ်စေကာ ဝိတ်ကျဖို့ ပိုမိုခက်ခဲလာပါတယ်။

အဆီများပြီး ဝနေတဲ့ အမျိုးသမီးတွေမှာ မိန်းမဟော်မုန်းနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများလည်း ကြုံလာရတတ်ပါတယ်။ခန္ဓာကိုယ်အဆီတစ်ရှူးက အီစထရိုဂျင် အမျိုးသမီးဟော်မုန်း (Estrogen) ကို လိုသည်ထက် ပိုမိုထုတ်လုပ်ပြီး ဟော်မုန်းထိန်းချုပ်စနစ်ကို ဖျက်ဆီးလိုက်ပါတယ်။ အီစထရိုဂျင် (Estrogen) ပမာဏ များနေတာကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်းလည်း များလာရပါတယ်။

သားဥအိမ်အရည်အိတ်များတည်ခြင်း (Polycystic Ovary Syndrome -PCOS) ရောဂါကို ဖြစ်စေပြီး ပိုဝလာလေလေ ပိုမိုဆိုးရွားစေလေလေ ဖြစ်စေပါတယ်။အဝလွန်တာကြောင့် ရာသီစက်ဝန်း မမှန်ခြင်း၊ ဓမ္မတာ ရာသီ မလာခြင်း (Amenorrhea) နှင့် သားဥမကြွေခြင်း (Anovulation) တို့ကိုကြုံရပါတယ်။ ကလေးရရှိရန် ခက်ခဲတတ်တာကြောင့် ကလေးယူမယ်စုံတွဲတွေမှာ အဝလွန်ခြင်းကိုပါ ကုသကြပါတယ်။

လည်ပင်းပတ်လည် အဆီများစုပုံခြင်းကြောင့် အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (Obstructive Sleep Apnea -OSA ) ကို ဖြစ်စေပါတယ်။ အိပ်ပျော်စဥ် ဟောက်ခြင်းကြောင့် လည်ပင်း ကြွက်သားများ နာကျင်နေရပါတယ်။ အသက်ရှုလမ်းကြောင်းပိတ်ဆို့ခံရခြင်းကြောင့် အိပ်ပျော်နေချိန် ဦးနှောက်ကကောင်းစွာအောက်ဆီဂျင်မရဘဲ အိပ်ယာနိုးသည့်အခါ မလန်းဆန်းပဲ ဖြစ်တတ်ပါတယ်။

အဆီပြင်ကြီးကိုခန္ဓာကိုယ် သယ်ထားရတာကြောင့် အလေးချိန်ပိုမိုထမ်းထားရသလိုဖြစ်ပြီး ခါး ဒူးဆစ်နှင့် တင်ပါးဆစ်များ နာကျင်ခြင်းကိုခံစားရပါတယ်။ ခန္ဓာကိုယ်ကြီးကကြီးလာပေမယ့် အရိုးတွေက ပိုမိုတောင့်တင်းလာခြင်း မရှိတာကြောင့် အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ကို အဝလွန်သူတွေမှာတွေ့ရများပါတယ်။

🟥အဝမလွန်အောင်ဘာတွေလုပ်သင့်လဲ

အဆီတစ်ရှူး ရဲ့ လုပ်ဆောင်ချက်တွေကြောင့်ကျန်းမာရေးထိခိုက် အဝလွန်နေသူတွေဆင်ခြင်ရမည့် အလေ့အကျင့်တွေရှိပါတယ်။ သကြားဓာတ်များ၊ ပြုပြင်ထားသောအသင့်စား အစားအစာများ လျှော့ချ ပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ အသား (Lean Proteins) များ ပါဝင်တဲ့ အစား အသောက်ကို ရွေးချယ်စားသုံးပါ။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ အေရိုးဗစ် ၊ နှလုံးစွမ်းအင်သုံး ကာဒီယို နှင့် ကြွက်သားအားကစား ( Aerobic, Cardio, Strength Training) တွေကို ပေါင်းစပ်လုပ်ဆောင်ခြင်းဟာ အဆီလောင်ကျွမ်းမှုကို အားပေးပြီး အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေတာ‌ကြောင့်ဝိတ်ချသူတွေ ရွေးချယ်လုပ်သင့်ပါတယ်။

အိပ်ရေးမဝခြင်းဟာ စိတ်ဖိစီးမှု ဟော်မုန်း‌တွေ( Cortisol ) ကို မြင့်တက်စေပြီး ဝမ်းဗိုက်ပတ်လည်အဆီ စုပုံခြင်းကို အားပေးနိုင်ပါတယ်။ ဝနေတယ်ဆိုတာ အိပ်‌ရေးမဝ အိပ်ချိန်မမှန်တာကြောင့်လည်း ဖြစ်ရပါတယ်။ ဝိတ်ချ‌မယ်ဆိုပါက လုံလောက်စွာ အိပ်စက်အနားယူခြင်းကလည်း အရေးကြီးပါတယ်။

ယောဂ၊ တရားထိုင်ခြင်း သို့မဟုတ် စိတ်အပန်းဖြေဖို့ ဝါသနာပါတာလေးတွေ လုပ်ပေးပါ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါမှ ဝိတ်ချနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အဆီ (Adipose Tissue) ဟာ လုံလောက်တဲ့ ပမာဏနဲ့ ရှိနေသရွေ့တော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ဆိုးကျိုးမရှိပါဘူး။ ဒါပေမဲ့ ပိုလျှံလာရင်တော့ ကျန်းမာရေး ပြဿနာများစွာ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အဝမလွန်အောင် ဂရုစိုက်ပြီး ထိန်းကြပါ။ အဝလွန်နေသူတွေ ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း စာနာနိုင်ကြပါစေလို့ တိုက်တွန်းချင်ပါတယ်။

Body Shaming လုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အပြစ်တင် စော်ကား နှုတ်ဆက်ခြင်းမျိုးကိုလည်း ဂရုစိုက် ဆင်ခြင်ကြပါစို့လားခင်ဗျာ။ နောက်တစ်ပတ်မှာတော့ အူကျွံခြင်းပြဿနာ အကြောင်းတင်ဆက် သွားမှာ ဖြစ်တာကြောင့် စောင်မျှော်အားပေးကြပါဦး။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ခန္ဓာကိုယ်အဆီ #ကျန်းမာရေးအသိပညာပေးဆောင်းပါး #Ayeyarwaddy_Times