ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်အရာရှိနှင့် စစ်ကော်မရှင်ခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို လိုင်းကြေးပေးပြီးလောင်းကစားဝိုင်းများ ဆက်လက် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကံကုန်းကျေးရွာ ဦးခေါကြီး(ခ) ဦးထွန်းထွန်း နေအိမ်ခြံဝန်းရှိလောင်းကစားဝိုင်းများကို ကံကုန်း အုပ်ချုပ်ရေးမှူး ဦးလှသိန်း၊ ၅၀၅ အမြောက်တပ်မှတပ်ရင်းမှူး ဝင်းမင်းအောင်၊ တပ်ရေးဗိုလ်ကြီး သန့်ဇင်အောင်တို့က တာဝန်ယူပြီး လုပ်ကိုင်ခိုင်းခြင်းဖြစ်ကြောင် ဒေသခံများက ဆိုသည်။

“သတင်းတွေမှာ ပါလာလဲ သူတို့မကြောက်ဘူး။ အာဏာပိုင်တွေကို ငါတို့ ပိုင်တယ်။ ဘယ်အဖွဲ့အစည်း ဘယ်ရဲကမှ မဖမ်းရဲဘူးလို့ပြောဆိုပြီး ဝိုင်းတွေဆက်လုပ်နေကြတာ။ ဝိုင်းတွေက သိန်းထောင်ကျော် ဝန်းကျင်အထိပေါက်တယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လောင်းကစားဝိုင်းအိမ်ပိုင်ရှင် ဦးခေါကြီး (ခ) ဦးထွန်းထွန်းကို ပြီးခဲ့သည့် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်က အဖမ်းပြခဲ့သည်။ ထိုသို့ အဖမ်းပြခဲ့သော်လည်း တပ်ရင်းမှူး ဝင်းမင်းအောင်နှင့် တပ်ရေးဗိုလ်ကြီး သန့်ဇင်အောင်တို့က လိုက်လံဖြေရှင်းပေးခဲ့ပြီး လက်ရှိအချိန်ထိ ထိုလောင်းကစားဝိုင်းများကို ဆက်လက်ပြုလုပ်ဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဦးခေါကြီး (ခ) ဦးထွန်းထွန်း၏ အိမ်အပြင် တပ်ရင်းမှူး ဝင်းမင်းအောင်နေထိုင်သည့် နေအိမ်များတွင်လည်း ဖဲဝိုင်းများပြုလုပ်နေပြီး မြို့နယ်စစ်ကော်မရှင်တပ်မှ အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ ကန်ကြီးထောင့်အပြင် ဟင်္သာတ၊ အင်္ဂပူ မြို့နယ်၊ မဲဇလီကုန်းမြို့၊ မြန်အောင်မြို့နယ် အင်ပင်မြို့ ၊ ရေကြည်မြို့နယ်နှင့် ကျုံ‌ပျော်မြို့နယ် တို့တွင် လည်း လောင်းကစားဝိုင်းများ အများအပြားပြုလုပ်လာကြောင်း စုံစမ်းသိရသည်။