ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ BGF ပိုင်နယ်မြေ ရွှေကုက္ကိုလ်ဒေသတွင် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ၆ ရက်ကြာ လုပ်ဆောင်ခဲ့သော ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) နှိမ်နင်းရေး စစ်ဆင်ရေး၌ နိုင်ငံခြားသား ၁,၅၄၀ ဦးကျော် ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporters က ယနေ့ နိုဝင်ဘာ ၂၃ ရက် တွင် ဖော်ပြထားသည်။
အဆိုပါ နှိမ်နင်းရေးကို စစ်ကော်မရှင်တပ် နှင့် စစ်ကော်မရှင်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများအဖြစ် ကွန်ပျူတာ စက်ပစ္စည်း ၃,၀၀၀ ကျော် နှင့် လက်ကိုင်ဖုန်း ၂၀,၀၀၀ ကျော် ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့နှင့် BGF တို့က ကျားဖြန့်ဂိုဏ်းဝင်များ၏ အချက်အလက်များကို စစ်ဆေးရှာဖွေခဲ့ရကြောင်း BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ထံမှ သိရသည်။
ဖမ်းဆီးရမိသူများကို စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (လဝက) တွင် ဆက်လက်စစ်ဆေးပြီး ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ မူရင်းနေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ သံရုံးများနှင့် ဆက်သွယ်ကာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-The Reporters