နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

မြန်မာနိုင်ငံတွင် လူဦးရေစာရင်း ကောက်ယူမှုကို ဗြိတိသျှကိုလိုနီလက်ထက် ၁၈၇၂ ခုနှစ်တွင် အိန္ဒိယသန်းခေါင်စာရင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ်အထိ ရှစ်ကြိမ်တိုင် ရှိခဲ့သည်။

ယင်းနောက်တွင်မူ ၁၀ နှစ်တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူလာသည့် လူဦးရေ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ယခု ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း လေးကြိမ် ပြုလုပ်ခဲ့သည်။

လက်ရှိအထိ စုစုပေါင်း (၁၂) ကြိမ်အနက်မှ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က ကောက်ယူသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ အကူအညီကို ရရှိခဲ့ခြင်း မရှိပေ။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအတွက် အဓိက နည်းပညာနှင့် ငွေကြေးပံ့ပိုးသူ ဖြစ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွက်ကိုမူ ပံ့ပိုးမှုမပြုနိုင်ကြောင်း အတိအလင်း ကြေညာခဲ့သည်။

ယင်းသို့ နိုင်ငံတကာ၏ အကူအညီမရရှိရခြင်းမှာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ကဲ့သို့သော အဖွဲ့အစည်းများက လက်ရှိ နိုင်ငံရေးနှင့် ပဋိပက္ခအခြေအနေကြောင့် လုံခြုံရေးအရ ပံ့ပိုးကူညီရန် မဖြစ်နိုင်ခြင်း၊ စစ်ကော်မရှင်၏ တရားဝင်မှုမရှိခြင်း နှင့် ကောက်ယူရရှိသည့် အချက် အလက်များကို အဓမ္မစစ်မှုထမ်းခြင်း၊ ဒီမိုကရေစီလှုပ်ရှားသူများကို စောင့်ကြည့်ခြင်းတို့အတွက် အလွဲ သုံးစားပြုလုပ်နိုင်သည်ကို စိုးရိမ်ခြင်း တို့ကြောင့်ဖြစ်သည်။

ထိုသန်းခေါင်စာရင်းသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိသော မြန်မာ့အရေး အခြေအနေကို ထင်ဟပ်ပြသနေသလို စစ်ကောင်စီ (အမည်ပြောင်း) စစ်ကော်မရှင်က ခုတုံးလုပ်၍ အသုံးချလျက် ရှိနေကြောင်း တွေ့ရသည်။

◼️နာဂစ်သဏ္ဍာန်သန်းခေါင်စာရင်းနှင့် ခန့်မှန်းလူဦးရေ

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ အကူအညီများ မရရှိသဖြင့် စစ်ခေါင်းဆောင်သည် ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင် စာရင်းကို ငွေကြေးသန်းပေါင်းများစွာ ကုန်ချခံသုံးစွဲ၍ ကိုယ်ထူကိုယ်ထ ကောက်ယူခဲ့သည်။ ထိုသန်းခေါင်စာရင်း၏ ရှေ့ပြေးစာရင်းအရ နိုင်ငံတစ်ဝန်းရှိ လူဦးရေသည် ၅၁ ဒဿမ ၃ သန်း (၅၁,၃၁၆,၇၅၆) ရှိပြီး ပြည်ထောင်စု အစီရင်ခံ စာတွင်မူ ၅၁ ဒဿမ ၄ သန်း (၅၁,၃၇၅,၃၂၇) ရှိကြောင်း ဖော်ပြထားသည်။

ယင်းအနက်မှ လူဦးရေ၏ ၃၂ သန်းကျော် (၃၂,၁၈၃,၅၉၉)သာ စာရင်းကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၁၉,၁၉၁,၇၂၈) ကိုမူ ဂြိုဟ်တုမြေပုံစနစ် အသုံးပြု၍ နည်းပညာဖြင့် ခန့်မှန်းထည့်သွင်းထားကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

စစ်ကော်မရှင်က ထိုကဲ့သို့ နည်းနာများ၊ နှိုင်းယှဉ်မှုများဖြင့် ၎င်းတို့၏ ခန့်မှန်းလူဦးရေ ထည့်သွင်းမှုကို ခိုင်လုံသည်ဟု ဖော်ပြထားသော်လည်း အဝေးခန့်မှန်းမှုသာဖြစ်၍ သံသယဖြစ်ဖွယ်ရှိ‌ကြောင်း နိုင်ငံရေးလေ့လာ အကဲခတ်သူများက ထောက်ပြသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် တိုင်းပြည်နှင့် ပြည်သူများသည် စစ်ဒဏ်၊ သဘာဝဘေးဒဏ်တို့ကို ကြုံတွေ့ခံစားနေရသဖြင့် ယင်းဖြစ်ရပ်သည် နာဂစ်မုန်တိုင်းကို အကြောင်းပြကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့မှုနှင့် သဏ္ဍာန်တူနေကြောင်း သုံးသပ်မှုများလည်းရှိခဲ့သည်။

◼️လျော့နည်းလာသည့်လူဦးရေ

မြန်မာနိုင်ငံတွင် သမိုင်းတစ်လျှောက် လူဦးရေသည် ၁၈၇၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သိသာစွာ မြင့်တက်လာခဲ့ပြီး သန်း ၅၀ ကျော် ရှိလာခဲ့သည်။ သို့သော် အာဏာသိမ်း စစ်ကော်မရှင်၏ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းသာ ရှိတော့ရာ လွန်ခဲ့သည့် ၁၀ နှစ်က ကောက်ယူ ထားသည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဖော်ပြချက်ဖြစ်သည့် ၅၁ ဒသမ ၅ သန်း ထက်ပင် အနည်းငယ် လျော့နည်းလျက်ရှိသည်။

ထိုကဲ့သို့ လူဦးရေ လျော့နည်းလာခြင်းသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ အခြေအနေများဖြစ်ပြီး စစ်ကော်မရှင်၏ မတရားဖိနှိပ်မှုများ၊ အကြမ်းဖက်ရက်စက် သတ်ဖြတ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။

စစ်ခေါင်းဆောင်ကမူ လူဦးရေ လျော့ကျလာမှုသည် မွေးဖွားနှုန်း ကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့်ဟု ဆိုသည်။

“လူဦးရေ ထပ်လျော့နည်းရင် နိုင်ငံတစ်ခု ရေရှည်တည်တံ့ရေးအတွက် ပြဿနာရှိတယ်။ ကာကွယ်ရေး၊ အရင်းအမြစ်၊ နိုင်ငံတစ်ခုရဲ့ ထုတ်လုပ်နိုင်စွမ်းတွေ ကျဆင်းမယ်” ဟု နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောသည်။

ထို့အပြင် လုပ်သားထု နည်းခြင်း၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

◼️လူဖမ်းပွဲ၊ ပညာရေးနှင့် ပြည်ပထွက်ခွာမှု မြင့်တက်လာခြင်း

စစ်ကော်မရှင်၏ သန်းခေါင်စာရင်းအရ လူဦးရေသည် တိုင်းနှင့် ပြည်နယ်တို့တွင် အချိုးမညီစွာ ပျံ့နှံ့နေထိုင်လျက် ရှိသည်။ ထိုသို့ အချိုးညီမျှမှုမရှိခြင်းသည် စစ်ကော်မရှင်၏ ဥပဒေမဲ့ လုပ်ရပ်များ ကြောင့် ပြည်သူများ လုံခြုံရာသို့ တိမ်းရှောင်ရာမှ ထိုသို့ပျံ့နှံ့သွားခြင်းလည်း ဖြစ်သည်။

စီးပွားရေးမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသော ရန်ကုန်တွင် လူဦးရေ ပြောင်းရွှေ့နေထိုင်မှု အများဆုံး ဖြစ်ပြီး မန္တလေးနှင့် ရှမ်းပြည်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသော်လည်း လုံခြုံမှုမရှိကြပေ။

ရန်ကုန်တွင် ၇,၃၆၉,၉၈၉ ဦး (လူဦးရေ ၇ သန်းကျော်) ၊ မန္တလေးတွင် ၆,၃၂၃,၅၅၄ ဦး (လူဦးရေ ၆ သန်းကျော်)နှင့် ရှမ်းပြည်တွင် ၆,၄၁၂,၅၀၁ ဦး (လူဦးရေ ၆ သန်းကျော်) နေထိုင်လျက် ရှိသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည် ထိုကဲ့သို့ ပျံ့နှံ့နေထိုင်မှု အများဖြစ်သည့် ဒေသများတွင်ပင် စစ်မှုထမ်းရန် လူဖမ်းပွဲများကို အဓိကထား လုပ်ဆောင်လျက်ရှိနေသည်။

၂၀၂၄ သန်းခေါင်စာရင်းအရ ကျောင်းတက်ရောက်မှုနှုန်းသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ်တွင် ထက်ဝက်ခန့် ကျဆင်းလာ၍ လူငယ်များ ကျောင်းပြင်ပသို့ ရောက်ရှိကုန်သည်မှာ စစ်ကော်မရှင်၏ လူဖမ်းပွဲများကို ပိုမို ထင်ရှားစေသည်။

စစ်ခေါင်းဆောင်က ပြည်ပထွက်ခွာမှု မြင့်မားခြင်းကို လူမှုစီးပွားရေး မတည် ငြိမ်မှုကြောင့်ဟု ဆိုသော် လည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကိုမူ ဖုံးကွယ်ထားသည်။

“မိမိတို့နိုင်ငံရဲ့ လူငယ်များကြားမှာ ပြည်ပရွှေ့ပြောင်း သွားလာမှုတွေ မြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့တဲ့ အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်ဦးရေဟာ များပြားနေဆဲ” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ကော်မရှင်သည် ခုခံတော်လှန်မှုနှင့် တပ်အင်အား လျော့နည်းလာမှုကြောင့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး နောက်ပိုင်း အရွယ်ရောက်သူ လူငယ်များကို ပြည်ပထွက်ခွာခွင့်များ ပိတ်ပင်၍ ဖိအား ပေးလျက်ရှိသည်။ ပြည်ပ ရောက်နေသူများထံမှလည်း ၎င်းတို့အတွက် ဝင်ငွေခွန်ရရှိစေရန် လုပ်ခလစာ လွှဲပြောင်းမှုနှင့် ပတ်သက်၍ အရေးယူသွားရန် ကော်မတီတစ်ခု ဖွဲ့စည်း၍ အေဂျင်စီများကိုပါ ဖိအားပေး ခြိမ်းခြောက်ထားသည်။

ယင်းအတွက် ယမန်နှစ်ကတည်းက ပြင်ဆင်နေသော စစ်ကော်မရှင်သည် “ပြည်ပရောက် မြန်မာနိုင်ငံ သားများ၏ လုပ်ခလစာများ ပိုမိုဝင်ရောက်စေရေး ကြီးကြပ်မှုကော်မတီ” ဟူ၍ ကာ/လုံရုံးအမိန့်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

◼️ရွေးကောက်ပွဲအတွက် ခုတုံးလုပ်ခြင်းနှင့် မဲစာရင်းကွဲလွဲမှု

စစ်ကော်မရှင်သည် ၂၀၂၄ သန်းခေါင်စာရင်းကို နိုင်ငံရေး၊ စစ်ရေးအပြင် အာဏာသိမ်းပြီးနောက် ၎င်းတို့ ပြုလုပ်သွားမည့် ရွေးကောက်ပွဲအတွက်ပါ အသုံးချခဲ့ပြီး အဆိုပါစာရင်းအား အခြေခံ၍ မဲဆန္ဒရှင် စာရင်းများ ပြုစုခဲ့သည်။ ၂၀၂၄ သန်းခေါင်စာရင်းသည် ၎င်းတို့ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုထားသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ခန့်မှန်းလူဦးရေစာရင်း ထည့်သွင်းထားမှုနှင့် မြေပြင်အ‌ခြေအနေကြောင့် မှားယွင်းကွဲလွဲနေသည့် မဲဆန္ဒရှင်စာရင်းများ ကို ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုအပေါ် ပြည်သူများက စိတ်ဝင်စားခြင်းမရှိသဖြင့် လာရောက် ကြည့်ရှုရန် ခြိမ်းခြောက် ပြောဆိုနေရသည့် အခြေအနေဖြစ်ပြီး မဲဆန္ဒရှင်စာရင်း မှားယွင်းမှုအပေါ် ကိုလည်း ဌာနဆိုင်ရာ ဝန်ထမ်းအချို့ကြောင့်ဟု အပြစ်လွှဲချ ထားသည်။