ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
စစ်တပ် အာဏာသိမ်းကတည်းက အင်တာနက်လိုင်းများကို ကန့်သတ်ထားရာ၌ နိုဝင်ဘာလအတွင်း ပြည်တွင်း အသုံးပြုနေရသည့် အင်တာနက်လိုင်းများ ဆိုးရွားနေဆဲဖြစ်ကြောင်း သုံးစွဲသူရန်ကုန်မြို့ခံများ ထံမှ သိရသည်။
ယခု နိုဝင်ဘာလ Freedom House ၏ Freedom on the Net အစီရင်ခံစာအရ၊ မြန်မာနိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်တွင် ၁၀၀ မှတ်၌ ၉ မှတ်သာ ရရှိပြီး လွတ်လပ်မှုမရှိ (Not Free) အဆင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်အတူ တရုတ်နိုင်ငံကကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးပတ်ဝန်းကျင်နိုင်ငံ ဖြစ်ကြောင်းပါဝင်သည်။

လက်ရှိတွင် အင်တာနက်လိုင်းမြန်နှုန်း လျော့ထားခံရသဖြင့် လိုင်းနှေးကွေးခြင်း၊ VPN ချိတ်ဆက်ရန် မိနစ်များစွာ စောင့်ဆိုင်းရခြင်းတို့ ဖြစ်ပေါ်နေကြောင်း သုံးစွဲသူများက ဆိုသည်။
” ဖုန်းမှာမြင်ရတဲ့ ဝိုင်ဖိုင်ကွန်ရက်ပြတဲ့ သင်္ကေတမှာဆိုရင် လိုင်းနှစ်လိုင်းပဲမိတယ်။ အဲဒီယပ်တောင် လေးပြည့်နေတယ်ဆိုတာမရှိဘူး။ Facebook သုံးဖို့ VPN တစ်ခါချိတ်ရင် မိနစ်လေးဆယ်နဲ့ တစ်နာရီလောက်ကြာတယ်။ WiFi ပြတ်လို့ data နဲ့သုံးရင် ခဏလေးနဲ့ ဖုန်းဘေကုန်သွားတယ် ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အင်တာနက်ဆက်သွယ်ရေးအပြင် ဖုန်းဒေတာဆက်သွယ်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများကိုပါ ကန့်သတ်ထားပြီး ဖုန်းဒေတာဈေးနှုန်းများမှာ မြင့်မားနေကြောင်းသိရသည်။
Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ တရုတ်အစိုးရပိုင် Geedge Networks သည် စစ်ကော်မရှင်အတွက် ဆက်သွယ်ရေးပြတ်တောက်မှု၊ စောင့်ကြည့်မှုတို့ကို လုပ်ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်၏ အင်တာနက်စောင့်ကြည့်ရေးနှင့် ဆင်ဆာဖြတ်တောက်ရေးအတွက် ပါဝင် ပတ်သက်နေသည့် နည်းပညာကုမ္ပဏီများတွင် ATOM၊ မိုင်တဲလ်၊ MPT၊ အူရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden၊ TMH Telecom၊ Internet Maekhong Network ၊ MBT၊ MTN၊ Campana၊ Global Technology နှင့် China Unicom တို့ပါဝင်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် Freedom House မှ Freedom on the Net အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်မှာ ၁၀၀ မှတ်မှာ ၉ မှတ်သာရရှိပြီး လွတ်လပ်မှုမရှိ (Not Free) အဆင့်ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်