နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာလျှင် စစ်ရေးအရ တုံ့ပြန်သွားမည်ဆိုသော ဂျပန်ဝန်ကြီးချုပ်သစ်၏ ပြောဆိုလာမှုအပေါ် ကျေးဇူးရှင်အဖြစ် သတ်မှတ်ထား၍ တရုတ်ဘက်မှ ထောက်ခံကြောင်း အာဏာသိမ်း စစ်မကော်ရှင်က ထုတ်ပြန်သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်ကြား သံတမန်ဆက်ဆံရေး တင်းမာလာချိန် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို ခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်း ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်ကတော့ နံပါတ်တစ် မြန်မာနိုင်ငံအစိုးရဟာ တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိတယ်” ဟု ၎င်းက ဝါဒဖြန့်မီဒီယာမှတဆင့် ပြောသည်။

ထို့အပြင် ယင်းမူဝါဒ (One China Policy)အပေါ် ၎င်းတို့အနေဖြင့် ခိုင်မာစွာ ထောက်ခံရပ်တည်နေသည်ကို စစ်ခါင်းဆောင်ကလည်း တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံရချိန်တိုင်း အတည်ပြုထားသလို မိတ်ဆွေကောင်း နိုင်ငံဖြစ်ကြောင်း ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်အုပ်စုတို့သည် တရုတ်အစိုးရကို ကြောက်လန့်ရဟု လူသိရှင်ကြား ပြောဆိုထားပြီး လက်ရှိအာဏာသိမ်းမှု၊ စစ်ရေး/နိုင်ငံရေး ထောက်ခံကူညီမှုတို့ကြောင့် ကျေးဇူးရှင်အဖြစ် ပြောဆိုသတ်မှတ်ထားမှုများလည်း ရှိသည်။

စစ်ကော်မရှင်ကမူ ၎င်းတို့အနေဖြင့် တရုတ်အစိုးရနှင့် ဆက်ဆံရေးအား အထူးအလေးထား တန်ဖိုးထားပြီး တရုတ်နိုင်ငံ၏ နယ်မြေတည်တံ့ ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ကာကွယ်ခြင်းကို အစဉ်အမြဲ ထောက်ခံရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်ကြား သံတမန်ဆက်ဆံရေး တင်းမာလာချိန် အမေရိကန်ကလည်း ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၇၀၀ နီးပါးတန်ကြေးရှိ ခေတ်မီဒုံးခွင်းစနစ် ရောင်းချရန် အတည်ပြုကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။