ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်အကျဉ်းထောင်အတွင်းရှိ တရုတ်အကျဉ်းသားများကို အထူးအခွင့်အရေး‌များပေးခဲ့သည့် အကျဉ်းထောင်အရာရှိများနှင့် ဝန်ထမ်းများကို ရာထူးမှဖယ်ရှားခဲ့ပြီး တရုတ်အကျဉ်းသားများကိုလည်း အခန်းပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တရုတ်အကျဉ်းသားကို ဦးစားပေးဆက်ဆံခြင်းကဲ့ကို အထူးဝန်ဆောင်မှုများပေးခဲ့သည့် ဖြစ်ရပ်ကိုစုံစမ်းရန် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရားရေးဝန်ကြီးကိုယ်တိုင် ဘန်ကောက်ထောင်သို့ လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အကျဉ်းထောင်တွင်း တရုတ်အကျဉ်းသားများမှာ အမျိုးတော်စပ်ချင်းမရှိသည့် ပြင်ပမှ အမျိုးသမီးများကို တရားမဝင်ခေါ်ယူခွင့်ရရှိနေကာ ထောင်တွင်းအရာရှိများအသုံးပြုရန်အခန်းကို VIP အခန်းအဖြစ်အသုံးပြုခဲ့ကြကြောင်းလည်း စစ်ဆေးမှုများအရသိရသည်။

ထို့ပြင် တားမြစ်ထားသည့် လျှပ်စစ်ပစ္စည်းများသုံးစွဲခွင့်ရရှိနေခြင်း၊ ဇိမ်ခံပစ္စည်းများသုံးစွဲခွင့်ရခြင်းတို့အပြင် အခြားအကျဉ်းသားများအပေါ် ဗိုလ်ကျခြင်းကဲ့သို့ အပြုအမူများရှိနေကြောင်း သတင်းများထွက်လာအပြီးတွင် ယခုကဲ့သို့ အစိုးရမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

လက်ရှိအစောပိုင်း စုံစမ်းစစ်ဆေးထားသည့်အချက်အလက်များအရ ထောင်အရာရှိ ခုနှစ်ဦးဝန်းကျင်ပါဝင်နေပြီး CCTV ကင်မရာများကိုစစ်ဆေးမှုတွင်လည်း မှတ်တမ်းအချို့မှာ ဖျက်ချခြင်းခံထားရကြောင်း သိရသည်။

 

တရားရေးဝန်ကြီးမှ ယနေ့တွင် ‌အချက်အလက်များစုံစမ်းရန် အကျဉ်းဦးစီး ဒုတိယဥက္ကဌ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)၊ ပရာချာချွန်ရဲစခန်းနှင့်အခြားဌာနဆိုင်ရာအရာရှိများနှင့်ဘန်ကောက်ထောင်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအတွင်း အရေးကြီးသည့်သတင်းအချက်အလက်များကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။

ကိုးကား – The Nation Thailand