ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

နိုင်ငံခြားငွေထိန်းချုပ်ထားသောစစ်ကော်မရှင်က မိသားစုအလိုက်ကုမ္ပဏီများထောင်ကာ မတ်ပဲပို့ကုန်ရငွေ ဒေါ်လာ ၅၃ သန်းနီးပါးကို စစ်ကောင်စီလက်အောက်ရှိ ဘဏ်များထံပြန်မသွင်းသဖြင့် ပါဝင်သူအချို့ဖမ်းဆီးထားပြီး အချို့မှာထွက်ပြေးတိမ်ရှောင်နေကြောင်း စစ်ကောင်စီထုထ်ပြန်သည်။

 

လက်ရှိတွင် ဒေါ်ခင်စန်းသီ၊ ဦးဟင်နရီခင်မောင်၊ ဦးဗိုဗိုသန့်နှင့် ဒေါ်မြင့်မြင့်လှိုင်တို့ကိုဖမ်းဆီးထားကာ ဦးရဲမင်းလွင် ၊ ဒေါ်ကွန်သီ ၊ဒေါ်ဖြူဖြူဇင် နှင့် ဦးဌေးကိုတို့မှာ ထွက်ပြေးတိမ်းရှောင်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင်ကထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မိသားစုလိုက်ဖွင့်ထားသည့်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ လေးခုမှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ကိုပေးသွင်းရန်ပျက်ကွက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကုမ္ပဏီလေးခုကို ဦးဟင်နရီခင်မောင်နှင့် ဒေါ်ဖြူဖြူဇင်တို့၏ သား ဦးရဲမင်းလွင်တို့က နာမည်များစွာဖြင့်ဖွင့်ထားခြင်းဖြစ်သည်။

 

ယင်းကုမ္ပဏီများထဲမှ ပင်မကုမ္ပဏီဖြစ်သည့် Maha Nadi International မှ ပို့ကုန်ရငွေ ကန်ဒေါ်လာ ၄၀ သန်းသွင်းရန်ကျန်ရှိနေ၍ ယင်းကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ တွင် ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်စန်းသီတို့ပါဝင်သည်။

 

ဦးဟင်နရီခင်အောင်နှင့် ဒေါ်ဖြူဖြူဇင်တို့၏ ကုမ္ပဏီဖြစ်သည့် RK Shipping and Trading မှ ကန်ဒေါ်လာ နှစ်သန်း၊ သားဖြစ်သူ ဦးရဲမင်းလွင်နှင့် ဦးဗိုဗိုသန့်တို့ကုမ္ပဏီ Taw Thar Lay မှ ကန်ဒေါ်လာ ၉ ဒသမ ၃ သန်း၊ ဦးရဲမင်းလွင်၏ ocean lion king မှ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းပို့ကုန်ရငွေများကို စစ်ကော်စီထံပြန် သွင်းခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ထို့ပြင်ကုမ္ပဏီများ ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် ကျေနပ်မှုမရှိသဖြင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကို ဦးရဲမင်းလွင်က ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ကြောင်းလည်း ပါဝင်သည်။

ဓာတ်ပုံ – MOI