ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးရန် ဖိအားပေးမှုကြောင့် မိမိဆန္ဒမပါဘဲ အဓမ္မစေခိုင်းခံရ၍ ကြိုတင်မဲပေးခဲ့သော တက္ကသိုလ်ကျောင်းသား ၃၀,၀၀၀ နီးပါး ရှိကြောင်း သိရသည်။

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြိုတင်မဲပေးခွင့်ရှိသည့် သတ်မှတ်ကာလ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း တက္ကသိုလ်ကျောင်းသားပေါင်း ၂၈,၃၃၉ ဦး ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။

“နယ်မှာဆိုတော့ အဲဒီကြိုတင်မဲပေးရမယ့် အရွယ်ရောက်တဲ့သူတွေ၊ အခြားမြို့မှာ ကျောင်းတက်မဲ့ သူတွေကို ဖုန်းဆက်ပြီးခေါ်တာ မဲပေးဖို့။ ဖုန်းမကိုင်တဲ့သူတွေကို ရပ်ကွက်အနားက လူကြီးတွေနဲ့ ပြန်ခေါ်ခိုင်းတယ်။ နည်းလမ်းမျိုးစုံနဲ့ မဲပေးခိုင်းတယ်” ဟု မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက် မည့် ကျောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်နှင့် လက်အောက်ရှိဝန်ကြီးဌာနများကဖွင့်ထားသည့် တက္ကသိုလ်ကျောင်းများမှ တာဝန်ရှိသူများက အတင်းဖိအားပေး၍ ကျောင်းသား၊ကျောင်းသူများ၏ ဆန္ဒမပါဘဲ မဲထည့်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒုတိယယအကြိမ်မဲစာရင်းများကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင်ကြေညာထားမည်ဖြစ်ပြီး မှန်၊ မမှန်စစ်ဆေးရန်မေတ္တာရပ်ခံကြောင်း ရပ်ကွက်အတွင်းလှည့်လည်ပြောကြားလျက်ရှိသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတုကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပိုင်း (၁) ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း(၂) နှင့် အပိုင်း (၂) ပြုလုပ်ပြီး ရသတ္တပတ် ၂ ပတ်အကြာတွင် အပိုင်း (၃) ပြုလုပ်မည်ဟု ကြေညာထားသည်။

ဓာတ်ပုံ – MOI