ဧရာ၀တီတိုင်းမ်
(တောင်ငူ) နိုဝင်ဘာ ၂၂ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေးဆင်းသည့် ပါတီများသည် စစ်ကော်မရှင်၏ လုံခြုံရေးတပ်ဖွဲ့များ၊ စစ်သားနှင့် ရဲများကို ခေါ်ဆောင်ကာ စည်းရုံးရေးဆင်းရသောကြောင့် ဒေသခံပြည်သူများက ပေါ်တာဆွဲရန် လာရောက် သည်ဟု ထင်မြင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။

 

နိုင်ငံရေးပါတီအများစုသည်လည်း ပြည်သူများ၏ ကြောက်ရွံ့မှုနှင့် ပြန်လည်တုံ့ပြန်မည်ကို စိုးရိမ်မှု ကြောင့် ရပ်ကွက်နှင့် ကျေးရွာအများစုသို့ ဝင်ရောက်စည်းရုံးရဲခြင်း မရှိဘဲ အခက်အခဲများ ကြုံနေရ ကြောင်း သိရသည်။

စည်းရုံးရေးဆင်းသော ပါတီများသည် လုံခြုံမှုမရှိသောကြောင့် တပ်လုံခြုံရေးနှင့် ရဲလုံခြုံရေးများအား ခေါ်ဆောင်သွားပြီးမှသာ စည်းရုံးရေးဆင်းနေခြင်းဖြစ်ပြီး ထိုသို့ လုံခြုံရေးအပြည့်ဖြင့် သွားရောက် စည်းရုံးသည့် အခါတွင်လည်း ပြည်သူများက စစ်မှုထမ်းစုဆောင်းရန် လာခြင်းဖြစ်သည်ဟု ထင်မြင်ကာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

“ပြီးခဲ့တဲ့လက တောင်သူလယ်သမား ပါတီဆိုပြီး မဲဆွယ်စည်းရုံးရေးဆင်းတာ။ စစ်သားတွေ၊ ရဲတွေ ခေါ်လာတော့ ပေါ်တာဆွဲတယ်ထင်ပြီး ပြေးကြတာ။ ပြီးမှ ဆင်ဆိပ်ရွာမှာ မဲလာဆွယ်တာလို့ သိရတယ်။ သူတို့လာတော့ တစ်လမ်းလုံး တစ်ယောက်မှတောင် မသွားရဲတော့ဘူး” ဟု ဒေသခံ ရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ပါတီများသည် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပါတီဝင်များအား မေးမြန်း ပြီးမှသာ ဝင်ရောက်၍ အဆင်ပြေနိုင်မည်ထင်သည့် ရပ်ကွက်၊ ကျေးရွာအချို့တွင် သွားရောက်မဲဆွယ် နေရခြင်း ဖြစ်ကြောင်းသိရသည်။

“မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် စည်းရုံးရေး မဆင်းရဲဘူးဗျ။ ရွာဘက်တွေမှာလည်း အုပ်ချုပ်ရေးမှူးတွေကို အခြေအနေ မေးပြီး အခြေအနေကောင်းတယ်ဆိုမှ စည်းရုံးရေး ဆင်းရဲပါတယ်” ဟု ပြည်ထောင်စု တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

မဲဆွယ်စည်းရုံးမည့် ပါတီများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာပါတီဝင်များနှင့် တိုင်ပင် ပြီးမှသာ စည်းရုံးရေး ဆင်းရဲကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများသည်လည်း ၎င်းတို့ကျေးရွာများတွင် စည်းရုံးရေးဆင်းပြီးနောက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူရဲခြင်း မရှိသောကြောင့် တိတ်တဆိတ် ငြင်းဆိုမှုများ ရှိကြောင်း သိရသည်။

 

တောင်ငူတွင် ၂၀၂၁ ခုနှစ်မှ စတင်ပြီး ယခုအချိန်အထိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ် ထောက်ခံသူများ၊ အားပေးကူညီသူများ စုစုပေါင်း ကိုးဦးအထိ သတ်ဖြတ်ခံထားရကြောင်း လည်း ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။

 

ပုံစာ-မဲပေးရန်သရုပ်ပြနေသည့်မြင်ကွင်း၊