ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

 

အမျိုးသားစာပေတစ်သက်တာဆုရှင်၊ အမျိုးသားစာပေဆုရှင်နှင့် အလင်္ကာကျော်စွာဘွဲ့ရ ကဗျာ ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၀) နှစ်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

 

ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) သည် မန္တလေးမြို့၊ Grand Mandalay ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ယနေ့နံနက်ပိုင်းက သက်ကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 

ဆရာကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့၊ တနင်္ဂနွေနေ့တွင် မွန်းလွဲ ၁ နာရီ၌ တံတားဦးသုဿန် တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကိုလေး (အင်းဝဂုဏ်ရည်) ကို ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ်၌ အဖ ဦးချွန် နှင့် အမိ ဒေါ်မမကြီး တို့၏ သားကြီးအဖြစ် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ကိုလေး ဖြစ်သည်။

 

ဆရာကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဖခင်ဖြစ်သူ ဦးချွန်တို့ တည်ထောင်ခဲ့သော အင်းဝဂုဏ်ရည် ကျောင်းတွင် ပညာ သင်ယူခဲ့ပြီး ဆဋ္ဌမတန်းကစတင်ကာ ကဗျာများ စတင်ရေးသားခဲ့သည်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းတွင် ပါဝင်ခဲ့ပြီး ၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာ ၌ “ကျွန်ပ်တို့ဌာန ရွှေအင်းဝ” ကဗျာ ကို စတင်ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည်။

 

၁၉၆၀ ပြည့်နှစ်တွင် တံတားဦးမြို့ တောင်ဘီလူးကျောင်း၌ ဆရာအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၆၃ မှ ၁၉၆၅ ခုနှစ်အတွင်း ကံဘဲ့ဆရာအတတ်သင်သိပ္ပံ၌ အလယ်တန်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့သည်။

 

ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် မြန်မာ့စာပေလောကတွင် ဂုဏ်ထူးဆောင်ဆုများစွာကို ရရှိခဲ့သည့်အပြင် ၎င်း၏ စာပေအဆင့်အတန်းကြောင့် ထင်ရှားသူဖြစ်သည်။ ကိုလေး (အင်းဝဂုဏ်ရည်) ၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် တို့ကို ကဗျာ့တပ်မှူးကြီးလေးဦးအဖြစ် စာပေလောကတွင် တင်စားခြင်းခံခဲ့ရသည်။

 

ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် ၁၉၆၅ ခုနှစ် အတွက် “လမ်းသစ်ကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေ (ကဗျာ) ပထမဆုကို ချီးမြှင့်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် “မွန်းတည့်အမီ ကဗျာစာအုပ်” ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တော်ဘုရားလေးကဗျာဆု ကို ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ကို ချီးမြှင့်ခံရပြီး အလင်္ကာကျော်စွာဘွဲ့ ကိုလည်း ရရှိခဲ့သည်။

 

ဆရာကြီး၏ အမျိုးသမီးမှာ ဆရာမ ဒေါ်ညွန့်ညွန့်ဖြစ်ပြီး သားသမီး ခုနစ်ဦး၊ မြေး ခြောက်ဦး နှင့် မြစ် သုံးဦး တို့ ကျန်ရစ်ခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်