ဧရာဝတီတိုင်းမ်
(မော်ချီး)၊ နိုဝင်ဘာ ၂၁ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ကို စစ်ကော်မရှင်က ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ဒေသတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခဲလုပ်ကွက်များရှိ ဒေသခံများလည်း ထိခိုက်သေဆုံးခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်အတွင်း အရပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ကာ နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနက် ၉ နာရီဝန်းကျင်လောက်မှာ လေးနေရာကို ဗုံးလာကြဲသွားတာပေါ့နော်။ အဲ့လောက်ပဲ သိထားရပါသေးတယ်။ ရုတ်တရက်လာကြဲတော့ လူတွေထိခိုက်မှုရှိတယ်” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို မကြာခဏ လေကြောင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့ တိုက်ခိုက်မှု တွင်လည်း ကလေးငယ်များအပါအဝင် အရပ်သား ၃၂ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ဖြစ်ရပ် ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ ရရှိသည့် စာရင်းများအရ အာဏာသိမ်း လေးနှစ်ကျော်ကြာကာလ ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့အထိ စစ်ကော်မရှင်ကြောင့် သေဆုံးသူပေါင်း ၇,၄၈၄ ဦး ရှိခဲ့ပြီးဖြစ်ရာ သေဆုံးမှု အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်၊ Jobs for Kayah