(မလေးရှား)၊ ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

 

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်ရှိ ကင်မရွန်းဟိုက်လန်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ တစ်ရက်တည်းတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၇၅ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

 

ကင်မရွန်းဟိုက်လန်းရှိ မြန်မာအပါအဝင် အထောက်ထားမဲ့ နိုင်ငံခြားသား အများစု အလုပ်လုပ်ကိုင်နေကြသည့် နေရာများတွင်လူဝင်မှုကြီးကြပ်ရေးဌာန နှင့် အဖွဲ့ပေါင်းစုံမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆေးမှုတွင် နိုင်ငံခြားသား ၁၈၈၆ ဦးကို စစ်ဆေးခဲ့ပြီး မြန်မာ ၁၇၅ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၆၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

“နိုင်ငံခြားသားတွေအများစုလုပ်တဲ့ စိုက်ပျိုးရေးတွေ၊ ဆောက်လုပ်ရေး စတဲ့နေရာတွေမှာ မနေ့ကတစ်နေ့လုံး စစ်ဆေးဖမ်းဆီးမှုပြုလုပ်တယ်။ မြန်မာအများစု အဖမ်းခံရတယ်”ဟု ကင်မရွန်းဟိုက်လန်းရှိ ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားအများစုသည် မလေးရှားရှိ UNCHR ခိုလှုံခွင့် လျှောက်ထားဆဲသူနှင့် UNCHR ခိုလှုံခွင့် ရရှိထားသူများလည်း ပါဝင်ကြောင်း သိရသည်။

“လူတော်တော်များ ဒုက္ခသည်အဖြစ် UNCHR လျှောက်ထားကြပါတယ်။ UNCHR ကတ် ကိုင်ဆောင်ထားသူလည်းပါတယ်။ သူတို့က ပြန်လွတ်နိုင်ပေမယ့် ဒုက္ခသည်လျှောက်ထားဆဲသူတွေက ပြန်လွတ်လာဖို့က မလွယ်ဘူး။ ဒါပေမယ့် UNCHR နဲ့ ပူးပေါင်းပြီးတော့ ပြန်လွတ်လာအောင်တော့ လုပ်နေပါတယ်”ဟု လူမှုကူညီရေးဆောင်ရွက်နေသူ မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ဖမ်းဆီးစစ်ဆေးမှုသည် မလေးရှားပြည်သူများ၏ တိုင်ကြားခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးချုပ်ဖြစ်သည့် Datuk Zakaria Shaaban ၏ ပြောကြားချက်ကို မလေးရှားသတင်းများက ဖော်ပြကြသည်။