ဧရာဝတီတိုင်းမ်
(ထန်တလန်)၊နိုဝင်ဘာ၂၁ ရက်

 

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဗန်ဇန်ကျေးရွာအနီးတွင် ခရီးသည်များတင်ဆောင်လာသည့် ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ထန်တလန်မြို့နယ်ကို ဦးတည်လာသည့် ခရီးသည် ၄၀ ခန့် တင်ဆောင်လာသည့် ကားတစ်စီးသည် ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက မြေပြိုသည့် နေရာများကို ရှောင်မောင်းရင်း ကားလမ်း အောက်ဘက်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

“ညဘက်ကြီးဆိုတော့ မှောင်လည်း မှောင်နေပြီ။ ကားလမ်းတွေကလည်း မကောင်းဘူး။ တောင်ပြို တဲ့ကားလမ်းပေါ်က ကျောက်တုံးတွေကို ရှောင်မောင်းရင်း ကားလမ်းအောက်ဘက်ကို ကားက အရှိန် မထိန်းနိုင်ဘဲ ထိုးကျသွားတာပါ” ဟု ထန်တလန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ကားပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည် ၄၀ ဦးခန့်အနက် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေးအပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

 

“ခရီးသည်တွေက ဘယ်ကလဲ ဘယ်ကိုသွားမှာလည်း မသိဘူး။ အနီးအနားက ရွာသားတွေက ကူညီ ကယ်ဆယ်ရေးလုပ်ပေးတယ်။ ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာဆေးခန်းတွေကို ပို့ပေးထားပါတယ်။ အခုဆေးကုသမှုခံယူနေကြပါတယ်”ဟု ထန်တလန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ယခု ခရီးသည်တင်ကားမှောက်သည့် နေရာသည် မကြာခဏ တောင်ပြိုကျပြီး ကျောက်တုံးများနှင့် မြေသားများ ကားလမ်းပိတ်မိလေ့ရှိသည့်အတွက် ကားသမားများအနေဖြင့် အထူးသတိထား မောင်းနှင်းရန် လိုအပ်ကြောင်း ဒေသခံများက အသိပေးတိုက်တွန်းထားသည်။

 

ဓာတ်ပုံ-CJ