နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ရုံးအတွင်း ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုနှင့် CDM ဝန်ထမ်းများအပေါ် မတရားဖိနှိပ်မှုများ ကျူးလွန်နေဟုဆိုသော ကိစ္စရပ်သည် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုသာဖြစ်ပြီး အမြန်ဆုံးစုံခုံဖွဲ့၍ စစ်ဆေးပေးရန် စွပ်စွဲခံရသူ ဒေါ်ကြည်ပြာက တုံ့ပြန်တောင်းဆိုသည်။
နွေဦးတော်လှန်ရေးအတွက် လှူဒါန်းရရှိလာသော ဘဏ္ဍာငွေများကို NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်းရုံးဦးစီးအဖွဲ့မှူး- စီမံရေးရာညွှန်ချုပ် ဦးညီညီမင်းတို့က အလွဲသုံးစားလုပ်နေကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်၌ MPA သတင်းဌာနက ရေးသားခဲ့ခြင်းဖြစ်သည်။
အဆိုပါ MPA ဆောင်းပါးနှင့် ပတ်သက်၍ စွပ်စွဲချက်များအပေါ် တုံ့ပြန်ဖြေရှင်းလိုပြီး ထွက်ပေါ်နေသော တိုင်စာသည် သမ္မတ၊ CRPH ဥက္ကဌနှင့်ဝန်ကြီးများထံ နိုဝင်ဘာ ၁၉ ရက်၌ ပေးပို့ထားခြင်းဖြစ်ကာ ဝန်ကြီးချုပ်ဆီကိုမူ ရောက်ရှိလာခြင်း မရှိသေးကြောင်း အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက ဆိုသည်။
“ဒီလိုမျိုး သေးငယ်တဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တခုကို အရင်းပြုပြီး စနစ်တကျ စီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံး ကြုံရခြင်းပဲ ဖြစ်ပါတယ်” ဟု အဓိကစွပ်စွဲခံနေရသူ ဒေါ်ကြည်ပြာက ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် တုံ့ပြန်ပြောလာသည်။
လက်ရှိ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေများ အကဲဆတ်သည့်ကာလတွင် NUG ဝန်ကြီးချုပ်ရုံး ခေါင်းစဉ်နာမည်တပ်၍ လွဲမှားသော စွပ်စွဲချက်များနှင့် နိုင်ငံရေးသိက္ခာချမှုအား လက်ခံမည်မဟုတ်ဘဲ ယင်းအတွက် NUG တာဝန်ရှိသူများကို အမြန်ဆုံးစုံခုံဖွဲ့ စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
“ကျွန်မအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်ဆိုတာတွေကို တင်ပြထားပါတယ်။ သတင်းမှားတွေကို သတင်းမီဒီယာအား အင်တာဗျူးသူတွေ၊ တိုင်ကြားခြင်းကို ဦးဆောင်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက ဆက်လက်ပြောသည်။
ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်း ဦးညီညီမင်းတို့သည် ငွေကြေးအလွဲသုံးစား ပြုလုပ်နေမှုအပြင် NUG ဝန်ကြီးချုပ်ရုံးရှိ CDM ဝန်ထမ်းများအပေါ်လည်း မတရားဖိနှိပ်မှုများ ကျူးလွန်နေသဖြင့် ၁၉ ဦးအထိ နုတ်ထွက်သွားကြောင်း MPA သတင်းဌာန၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
“(NUG) ဝန်ကြီးချုပ်ရုံးကိုတော့ တရားဝင်တိုင်စာ မရောက်သေးဘူးလို့ သိရပါတယ်။ တိုင်စာရောက်ရင်တော့ စုံစမ်းစစ်ဆေးမှုတွေကို သူ့ procedure အတိုင်း ဆက်လုပ်သွားမယ့် သဘောဖြစ်ပါမယ်ဗျ” ဟု NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုနုတ်ထွက်သွားသူများထဲတွင် စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် Oxford တက္ကသိုလ်ဘွဲ့ရ၊ NLD ပါတီ လူငယ်ပညာတတ်အပြင် လုပ်သက်ရင့် CDM အရာရှိ၊ အရာရှိငယ်များ ပါဝင်သည်ဟု သိရှိရကာ ယင်းအပေါ် မည်သည့်သဘောထား မှတ်ချက်ကိုမျှ ပေးစရာမရှိကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။
ယင်းအပြင် ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်း ဦးညီညီမင်းတို့သည် NUG၊ MOD လက်အောက်ခံ PDF များကိုလည်း ၎င်းတို့ကိုယ်ပိုင် တပ်ဖွဲ့သဖွယ် ရည်ရွယ်၍ ဝန်ထမ်းများကို ခြိမ်းခြောက်ဖိအားပေးခြင်းများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဒေါ်ကြည်ပြာကမူ တုံ့ပြန်ငြင်းဆိုထားသည်။