ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) ၏ ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ဦးကို အချုပ်ဖြင့်ထိန်းသိမ်း အရေးယူထားကြောင်း ယနေ့ နိုဝင်ဘာ ၂၁ရက်တွင် MDY PDF က ထုတ်ပြန်သည်။

MDY-PDF၏ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းနှင့် ဘဏ္ဍာရှာဖွေရေး ဌာနကြီးမှူး ကိုနိုင်ကြီး တို့သည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်၏စည်းမျဥ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူသွားခဲ့သည့်အတွက် အရေးယူရခြင်းဖြစ်ကြောင်း MDY PDF ထံမှ သိရသည်။

အဆိုပါဖြစ်စဥ်အတွက် အပြစ်ရှိကြောင်း ၊ ဘဏ္ဍာပစ္စည်းများကို တပ်ထံသို့ အမြန်ဆုံးပြန်လည် အပ်နှံ ရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် သြဂုတ်လတွင် ပြုလုပ်သည့် အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည်။

ကိုမုန်တိုင်းနှင့်ကိုနိုင်ကြီး တို့တက်ရောက်သည့် ဗဟိုဦးဆောင် ကော်မတီအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် စက်တင်ဘာလ အစည်းအဝေးတွင်လည်း ထပ်မံ အတည်ပြုခဲ့ကြောင်း MDY PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးအခြေအနေနှင့် ၎င်းတို့နှစ်ဦး၏မေတ္တာရပ်ခံတင်ပြချက်များကြောင့် အရေးယူမှုကို ယာယီ ဆိုင်းငံ့ထားပြီး ယခုကာလအထိ ဘဏ္ဍာပစ္စည်းများကို အပ်နှံခြင်းမရှိ၊ အသိပေးပြောဆိုခြင်းမရှိသည်မှာ သာမန်စည်းမျဥ်းစည်းကမ်းချိုးဖောက်မှုအဆင့်ကို ကျော်လွန်ကာ ကြီးမားသည့် ပြစ်မှုအမျိုးအစား အဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း MDY PDFက ဆိုသည်။

ထို့ကြောင့် ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့ကို နိုဝင်ဘာ ၁၅ရက်နေ့တွင် တပ်၏လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊ ၎င်းတို့နှစ်ဦးလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့်ထိန်းသိမ်းထားရှိဖြစ်ကြောင်း သိရသည်။

ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့ နှစ်ဦးသည် တပ်၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့်အတွက် သာမန် တပ်တွင်း စီရင်ဆုံးဖြတ်ရန်မသင့်တော်၍ အထက်ရုံးဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က အမှုတွဲဖြစ်စဥ်ကို လိုအပ်သလို ဆုံးဖြတ်နိုင်ရန် သတင်းပို့တင်ပြထားကြောင်း သိရသည်။

တော်လှန်ရေးကို ထိခိုက်နိုင်မည့် သတင်းအလွဲအမှားများ ပေါ်ပေါက်လာနိုင်သည့်အတွက် ယခုကဲ့သို့ သတင်းထုတ်ပြန်ရခြင်းဖြစ်ပြီး သတင်းအချက်အလက်အလွဲအမှားများကို မဖန်တီး၊ မဖြန့်ဖြူး ကြရန်လည်း MDY PDFကမေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ-MDY PDF